Thursday, December 6, 2012

ဆယ်နာရီကြာ ဂိုးပေါက်ပျောက်နေမှုကို တောရက်စ် အဆုံးသတ်နိုင်ခဲ့~ယူရိုပါလိဂ် အကြောင်းကို စတင်စဉ်းစား နေပြီဟု ဘင်နီတက်ဇ်ဆို


ချဲလ်ဆီးအသင်း၏ စပိန်လက်ရွေးစင် တိုက်စစ်မှူး တောရက်စ်သည် သူ၏ (၁၀)နာရီကြာ ဂိုးပေါက်ပျောက်နေမှုကို ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်သည့် နော့ဂျေးလန်းနှင့် ပွဲစဉ်တွင် (၂)ဂိုးသွင်းယူကာ အဆုံးသတ် နိုင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ စပိန်တိုက်စစ် ကစားသမားသည် ပထမပိုင်း အချိန်ပို (၂)မိနစ်နှင့် ဒုတိယပိုင်း ပွဲချိန် (၅၆)မိနစ်တို့တွင် နှစ်ဂိုးသွင်းယူကာ ချဲလ်ဆီးမန်နေဂျာ ဘင်နီတက်ဇ်အတွက် ပထမဆုံး နိုင်ပွဲကို ရယူပေးနိုင်ခဲ့သည်။ တောရက်စ် ဂိုးပေါက် ပြန်တွေ့မှုမှာ တိုက်စစ်ပိုင်း အခက်အခဲ ရှိနေသည့် ချဲလ်ဆီးအတွက်သာ မက ကိုင်တွယ်ခဲ့သည့် ပရီးမီးယားလိဂ် (၃)ပွဲတွင် တစ်ဂိုးသာ ရယူနိုင်ခဲ့သောကြောင့် စိတ်ပျက်နေသည့် မန်နေဂျာ ဘင်နီတက်ဇ် အတွက်လည်း စိတ်သက်သာမှု ရစေခဲ့သည်။
ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ချဲလ်ဆီးသည် တစ်ဖက်မှ ဂျူဗီနှင့် ရှက်တာတို့၏ ပွဲရလဒ်ကို အခွင့်ကောင်း ယူနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း ဂျူဗီက အနိုင်ရခဲ့သောကြောင့် ရှက်တာကို  ဂိုးကွာခြားချက် အရ အလျော့ပေးလိုက်ရပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရပြီ ဖြစ်သည်။ ထိုသို့ ထွက်ခွာခဲ့ရသော်လည်း အုပ်စုတတိယနေရာကို ရယူနိုင်ခဲ့သည့် အတွက်  ယူရိုပါလိဂ် ပြိုင်ပွဲကိုမူ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ချဲလ်ဆီးသည် ထိုပွဲတွင် နော့ဂျေးလန်းကို (၆-၀)ဂိုးဖြင့် အနိုင် ရခဲ့ပြီး ချဲလ်ဆီးအတွက် ဂိုးများကို တောရက်စ်က (၂)ဂိုး၊ ကာဟေး၊ ဒေးဗစ်လူးဝဇ်၊ မာတာနှင့် အော်စကာတို့က (၁)ဂိုးစီ သွင်းယူပေးခဲ့ကြသည်။

"အခုအချိန်ကစလို့ ယူရိုပါလိဂ် အကြောင်းကို ကျွန်တော်တို့ စပြီးစဉ်းစားရတော့ မှာပါ။ ယူရိုပါလိဂ်က ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲတစ်ရပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပြိုင်ပွဲကို ၀င်ပြိုင်ပြီ  ဆိုမှတော့ ဆုဖလားကို ရယူနိုင်အောင် ကြိုးစားရမှာပါ"ဟု ဘင်နီတက်ဇ်က ဆိုခဲ့သည်။ ဆက်လက်၍ ၎င်းက ချဲလ်ဆီးတွင် ကောင်းမွန်သည့် အရာများ ဖြစ်လာတော့မည်ဟု ယုံကြည်ကြောင်း ဖွင့်ဟခဲ့သည်။ "ကျွန်တော် ရောက်လာတော့ ချဲလ်ဆီးက အတော်လေး ယိမ်းယိုင်နေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ ကျွန်တော့် ကစားသမားတွေက လမ်းကြောင်းမှန်ပေါ် ပြန်တက်နိုင်ခဲ့ပါပြီ"ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။
soccer myanmar

No comments:

Post a Comment