Thursday, January 24, 2013

အစ္စတန်ဘူးလ်မြို့ရှိ တက္ကသိုလ်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား


တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့လယ်ရှိ ဂါလာတာဆာရေး တက္ကသိုလ်၌ ဇန်နဝါရီ ၂၂ ရက်က မီးလောင်ကျွမ်းမှု တစ်ရပ် ဖြစ်ပွားကြောင်း မျက်မြင် တွေ့ရှိသူများ၏ ပြောကြားချက်အရ ဇန်နဝါရီ ၂၃ ရက် ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။ ဒေသစံတော်ချိန် ည ၇ နာရီခွဲခန့်က အစ္စတန်ဘူလ်မြို့လယ် ဘီဆစ်တပစ် ရပ်ကွက်ရှိ အဆိုပါ တက္ကသိုလ် အဆောက်အအုံ တတိယထပ်မှ စတင်လောင်ကျွမ်းကြောင်း၊ ယင်းအထပ်တွင် ပါမောက္ခရုံးခန်းများ ရှိကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောကြားသည်။ မီးလောင်ရခြင်းမှာ လျှပ်စစ်ပိုင်း ဆိုင်ရာ ပြဿနာကြောင့် ဖြစ်ကြောင်း၊ မီးလောင်ချိန်တွင် လေပြင်းတိုက်နေ၍ အခြားသုံးထပ်ကိုပါ မီးကူးစက်လောင်ကျွမ်းရာ ခေါင်မိုးထိ လောင်ကျွမ်းကြောင်း၊ သစ်သားဖြင့် ဆောက်လုပ်သော ရှေးဟောင်း အဆောက်အအုံဖြစ်ကြောင်း၊ ၁၈၇၁ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ပါရှိသည်။ ယင်းတက္ကသိုလ်သည် ၁၉၉၂ ခုနှစ်က ပြင်သစ်နှင့် သဘောတူညီချက်အရ ထူထောင်ခဲ့ခြင်းဖြစ်ပြီး တူရကီနိုင်ငံတွင် ပြင်သစ်ဘာသာဖြင့် သင်ကြားပေးသည့် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည်။ (ဆင်ဟွာ)
khitlunge

No comments:

Post a Comment