Friday, January 11, 2013

လီဗာပူးလ်နှင့် စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့ခြင်း အတွက် ဝစ္စဒမ်း ပျော်ရွှင်နေ


လီဗာပူးလ်နှင့် နှစ်ရှည် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ခြင်း အတွက် ပျော်ရွှင်မိကြောင်း နောက်ခံလူ အင်ဒရီ ဝစ္စဒမ်းက ပြောကြားလိုက်သည်။
အသက်(၁၉)နှစ်ရှိ ကစားသမားသည် ယခုနှစ် ဘောလုံးရာသီတွင် လီဗာပူးလ် ပထမအသင်းသို့ ပါဝင်ခွင့် ရလာခဲ့သည်။ ဝစ္စဒမ်းသည် ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ယန်းဘွိုင်းစ်နှင့် ကစားခဲ့ရာတွင် လီဗာပူးလ်အတွက် ပထမဆုံး ပွဲထွက်ခွင့် ရခဲ့သလို ဂိုးပါ သွင်းယူနိုင်ခဲ့သည်။ စက်တင်ဘာလက လီဗာပူးလ်အတွက် ဗွေဆော်ဦး ပါဝင်နိုင်ခဲ့ပြီးနောက် ဝစ္စဒမ်းသည် ယခုရာသီအတွင်း နောက်ထပ် (၁၃)ပွဲ ပါဝင်ခဲ့သေးသည်။ မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် ဝစ္စဒမ်းကို အသင်းအတွက် ရေရှည် ထိန်းသိမ်းထားနိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ဝစ္စဒမ်းကတော့ "လီဗာပူးလ်ဘက်က စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းလာတော့ တော်တော် ပျော်မိတယ်။ ကျွန်တော့်အတွက် သိပ်လွယ်တဲ့ ဆုံးဖြတ်ချက်ပါ။ သူတို့ ကမ်းလှမ်းတာနဲ့ ကျွန်တော် ဒါကို အခွင့်အရေး တစ်ခုလို သဘောထားပြီး ချက်ချင်းရယူခဲ့ပါတယ်။ လီဗာပူးလ်ဟာ ကြီးကျယ်တဲ့ ကလပ်အသင်း တစ်ခုပါ။ ပြောရရင် လီဗာပူးလ်မှာ ကျွန်တော် ရှေ့ဆက်ပြီး ကစားသွားဖို့လည်း ဆန္ဒရှိပါတယ်။ အသင်းနဲ့အတူ တဖြည်းဖြည်း တိုးတက်လာနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အားရမိသလို ရှေ့ဆက်ပြီးလည်း အများကြီး ဖြစ်မြောက်လာဖို့ အကောင်းမြင် မျှော်လင့်ထားဆဲပါ"ဟု ကလပ်အသင်း ဝက်ဘ်ဆိုက်သို့ ပြောကြားသွားသည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment