Tuesday, January 22, 2013

တရုတ်နိုင်ငံ ပေကျင်းမြို့၌ နှစ်ပတ်လည်း သိပ္ပံထူးချွန်ဆုပေးပွဲ ကျင်းပ


တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ဇန်နဝါရီ ၁၈ ရက်က ကျင်းပသည့် ထင်ရှားသော သိပ္ပံပညာရှင်များနှင့် သုတေသန အောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်သည့် နှစ်ပတ်လည် အခမ်းအနားတွင် ဖောက်ခွဲမှု ကျွမ်းကျင်သူ ကျန်ကျိမင်းနှင့် ရေဒါအင်ဂျင်နီယာ ဝမ်ရှီအိုမိုတို့နှစ်ဦးသည် တရုတ်နိုင်ငံ၏ ထိပ်တန်း သိပ္ပံဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ နှစ်ဦးသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်ရာတွင် ထူးခြားအံ့သြဖွယ်ကောင်းအောင် ဆောင်ရွက်နိုင်မှုများအတွက် ထိုသို့ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက် တစ်ရပ်က ဖော်ပြသည်။ ၄င်းသိပ္ပံပညာရှင်နှစ်ဦးကို တရုတ်ယွမ် ငါးသန်း (အမေရိကန်ဒေါ်လာ၈၃ဝ၇၉၂ ဒေါ်လာ) စီ ချီးမြှင့် ခဲ့သည်။ ယင်းဆုချီးမြှင့်ခြင်း အခမ်းအနားတွင် သမ္မတ ဟူကျင်ထောင်း တက်ရောက် ပေးအပ်ခဲ့သည်။ ထို့အပြင် တရုတ်ခေါင်းဆောင်များဖြစ်သည့် ရှီကျင်ပင်၊ ဝမ်ကြားပေါင်၊ လီကင်ကျောင်နှင့် လျူယန်ရှန်တို့ကလည်း ပေးအပ်ခဲ့ကြသည်။ အစိုးရအနေဖြင့် ထင်ရှားသော သိပ္ပံပညာရှင်များကို ၁၃ နှစ်ဆက်တိုက် နှစ်စဉ် ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ရာ ကျန်နှင့်ဝမ်တို့ အပါအဝင် ထိပ်တန်းသိပ္ပံပညာရှင် ၂၂ ဦးတို့ ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ ယင်းဆုချီးမြှင့်မှုသည် တီထွင်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ်တွင် ဆန်းသစ်ပြောင်းလဲ တီထွင်မှု နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း၊ သိပ္ပံဆိုင်ရာ လုပ်ငန်းဖြင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်း ၆ဝ ရာခိုင်နှုန်းနီးပါး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားသိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။ (ဆင်ဟွာ)
khitlunge

No comments:

Post a Comment