Thursday, January 17, 2013

အစ္စရေးအိမ်ရာသစ်စီမံကိန်း စွန့်လွှတ်ရန် ဘန်ကီမွန်းပြောကြား


ပါလက်စတိုင်းပိုင် မြေများပေါ်တွင် အစ္စရေးတို့၏ အခြေချအိမ်ရာသစ်များ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇန်နဝါရီ ၁၅ ရက်တွင် ထပ်မံထုတ်ပြန် ပြောကြားသည်။ ပါလက်စတိုင်းပိုင်မြေပေါ် အိမ်ရာသစ်များ တည်ဆောက်မည့် စီမံကိန်းသည် နယ်ချဲ့ဝါဒ တစ်ရပ်ပင်ဖြစ်၍ အစ္စရေးအစိုးရအနေဖြင့် ထိုစီမံကိန်းကို စွန့်လွှတ်ရန်လည်း ဘန်ကီမွန်းက တိုက်တွန်းခဲ့သည်။ အနောက်ဘက် ကမ်းဒေသတွင် အိမ်ရာသစ် ၁၇ဝ နှင့် တည်းခိုရိပ်သာ ၈၄လုံးကို တည်ဆောက်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နိုင်ငံတကာ အသိုင်းအဝိုင်း ကန့်ကွက်နေသည့်ကြားမှ ကြေညာလိုက်သည်။ E1 နယ်မြေဟု သတ်မှတ်ထားသောနေရာတွင် အစ္စရေးတို့၏ အိမ်ရာသစ်များ တည်ဆောက်မည့် စီမံကိန်းသည် အစ္စရေး အခြေစိုက်အိမ်ရာ မာအာလီအဒူမစ်အရပ်မှ အရှေ့ဂျေရုဆလင်ထိ ဆက်သွယ်ပြီး အနောက်ဘက်ကမ်း မြောက်ပိုင်း နယ်မြေများနှင့် တောင်ပိုင်းနယ်မြေများကို ပိုင်းခြားမည့် စီမံကိန်းဖြစ်သည်။ ဇန်နဝါရီ ၁၃ ရက်က အဆိုပါ E1 အရပ်တွင် အခြေချနေထိုင်သည့် ပါလက်စတိုင်းများနှင့် နိုင်ငံခြားသား တက်ကြွလှုပ်ရှားသူများကို အစ္စရေးရဲတို့က ဖယ်ရှားရှင်းလင်းခဲ့သဖြင့် ပါလက်စတိုင်းတို့၏ အခွင့်အရေးများကို လေးစားရန် အစ္စရေးနိုင်ငံအား ဘန်ကီမွန်းက ဖိအားပေး ပြောကြားခဲ့သည်။ အစ္စရေးရဲများနှင့် ပါလက်စတိုင်းတို့ အခင်းဖြစ်ပွားမှုအတွင်း ပါလက်စတိုင်းခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တချို့က ဆိုသည်။
khitlunge

No comments:

Post a Comment