Wednesday, January 16, 2013

လီဗာပူးလ် ပစ်မှတ် ဖိုရန်းကို ဆောက်သမ်တန် ကြားဖြတ် ခေါ်ယူရန် ကြိုးပမ်းနေ

ဆောက်သမ်တန်မှ ပစ်မှတ်ထားလာသည့် ဖိုရန်း

လီဗာပူးလ် အသင်းက ပစ်မှတ် ထားနေသော မိုဒေးလ် အသင်း ခံစစ်မှူး ဗားဂါ့ဒ် ဖိုရန်းကို ဆောက်သမ်တန် အသင်းက ခေါ်ယူရန် ကြားဖြတ် ကြိုးပမ်းနေကြောင်း သိရှိရသည်။
နော်ဝေးကလပ် မိုဒေးလ်သည် ယခုအခါ ဆောက်သမ်တန် အသင်းထံမှ ကမ်းလှမ်းမှုကို လက်ခံ ထားလိုက်ပြီဟု သတင်းများက ဖော်ပြခဲ့သည်။ လီဗာပူးလ်သည် ဖိုရန်းကို ခေါ်ယူရန် စိတ်ဝင် စားသော်လည်း ပေါင်စတာလင် (၄.၂)သန်း ပေးချေ ဝယ်ယူခြင်း မပြုမီ အသင်းတွင် အစမ်း လာရောက် လေ့ကျင့်စေလိုကြောင်း ပြောကြားထားသည်။ အကယ်၍ ကစားသမားဘက်မှ အဆိုပါ အဆိုပြုချက်ကို ပယ်ချပါက ဆောက်သမ်တန်အတွက် ဖိုရန်းကို ခေါ်ယူရန် လမ်းပွင့်သွားမည် ဖြစ်သည်။ ဖိုရန်းကို ဖူလ်ဟမ်နှင့် အဲဗာတန်တို့ကလည်း စိတ်ဝင်စားနေသည်။
အသက်(၂၄)နှစ်ရှိ နော်ဝေး လက်ရွေးစင် ဗဟိုနောက်ခံ ကစားသမားသည် အင်္ဂလန်သို့ အင်္ဂါနေ့ညက ရောက်ရှိလာခဲ့သည်။ ၎င်းသည် လီဗာပူးလ်၏ မဲလ်ဝုဒ်ကွင်းတွင် အစမ်းသပ်ခံ လေ့ကျင့်မည် ဖြစ်သော်လည်း အခြား ရွေးချယ်စရာ တစ်ခုအဖြစ် ဆောက်သမ်တန်ကိုပါ ထည့်သွင်း စဉ်းစားခွင့် ရလာခဲ့သည်။ မိုဒေးလ် မန်နေဂျာ အိုလေဂန်နာ ဆိုးလ်ရှားက မိမိတို့သည် ဖိုရန်းအတွက် သင့်တော်သော ဈေးနှုန်းဖြင့် ကမ်းလှမ်းမှု အချို့ကို လက်ခံထားပြီး ဖြစ်နေကြောင်း ဝန်ခံခဲ့သည်။  
ဆိုးလ်ရှားက "ဖိုရန်းအတွက် ကလပ် တချို့နဲ့ ပြောင်းရွှေ့ကြေးကိစ္စ သဘောတူညီထားပါတယ်။ ဒါပေမဲ့ (၁၀၀)ရာခိုင်နှုန်း သေချာတာတော့ မရှိပါဘူး။ မိုဒေးလ် အနေနဲ့ အပြောင်းအရွှေ့ကိစ္စ နီးစပ်မှု ရှိတယ် ဆိုတာကိုသာ ပြောချင်ပါတယ်"ဟု သတင်းထောက်များအား ပြောကြားသွားသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment