Monday, January 28, 2013

ဗင်နီဇွဲလားအကျဉ်းထောင် အဓိကရုဏ်း လူ ၅၀ ကျော် သေဆုံး


ဗင်နီဇွဲလားနိုင်ငံ အနောက်ပိုင်း အကျဉ်းထောင် တစ်ခုတွင် အဓိကရုဏ်းဖြစ်ပွားရာ လူ ၅ဝ ကျော် သေဆုံးသည်ဟု ဆေးရုံအမှုထမ်း တစ်ဦးက ပြောကြားကြောင်း ဇန်နဝါရီ ၂၆ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ဘာကွီစီမီတိုရှိအူရီဘာနာ အကျဉ်းထောင်အတွင်း လက်နက်များ ရှာဖွေရန် စစ်ဘက်တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ မီဒီယာတစ်ခုက အသံလွှင့်ခဲ့ရာမှ အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အကျဉ်းထောင် ဝန်ကြီး အိုင်ရစ်ဗာဒီလာက ပြောသည်။ ဒဏ်ရာရသူ ၉ဝ ကျော် ရှိပြီး အများစုသည် သေနတ်ဒဏ်ရာ ရရှိထားသူများဖြစ်ကြောင်း ဆေးရုံညွှန်ကြားရေးမှူး ဂွိုင်းမီဒီနာက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ သေဆုံးသူများတွင် အကျဉ်းသားများ၊ ထောင်အစောင့်များနှင့် ထောင်ဝန်ထမ်းများ ပါဝင်သည်ဟု ယူဆရသည်။ ဘာကွီစီမီတို ဆေးရုံ ညွှန်ကြားရေးမှူးက စုစုပေါင်း သေဆုံးသူ ၅၄ ဦးရှိသည်ဟု ပြောကြားကြောင်း ဗင်နီဇွဲလား သတင်းစာ ''ကလာရင်'' က ဖော်ပြသည်။ အူရီဘာနာထောင်သည် နိုင်ငံ၏ အန္တရာယ်အရှိဆုံး အကျဉ်းထောင်များတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း ဗင်နီဇွဲလား လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment