Thursday, January 31, 2013

ဇန်န၀ါရီလ ၃၀ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့အနီး မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု လှုပ်ခတ်


ဇန်န၀ါရီလ ၃၀ ရက်နေ့ ည ၈နာရီ ၁၀ မိနစ်ဝန်းကျင် အချိန်တွင် ရန်ကုန်မြို့ရှိ ကမ္ဘာအေး မြေငလျင်စခန်းမှ တောင်ဘက် ၃၅ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အား ရစ်ချက်စ်တာစကေး ၃ ဒဿမ ၇  အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ဖြစ်ကြောင်း  မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
ယင်းလှုပ်ခတ်သွားသည့် ငလျင်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက"လက်ရှိလှုပ်သွားတဲ့ ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ပါလို့ ပြောလို့မရပါဘူး။စစ်ကိုင်းပြတ်ရွေ့ရဲ့ အစပ်နားလေး ပုံမှန် ပြတ်ရွေ့မှာ လှုပ်သွားတာပါ။အဲဒီမှာက အင်အား ရစ်ချက်စ်တာစကေး ၃ နဲ့ ၄ ကြား လှုပ်သွားတာပါ။ စိုးရိမ်စရာ မရှိပါဘူး။ရန်ကုန်အနေနဲ့ ပြောမယ်ဆိုရင်တော့ ရန်ကုန်ရဲ့ အနောက်ဘက်ခြမ်းတွေဖြစ်တဲ့ ကြည့်မြင့်တိုင်၊လှည်းတန်း၊သမိုင်း စတဲ့နေရာတွေက ငလျင်လှုပ်ခတ်မှုကို ခံစားရနိုင်ပါတယ်" ဟု ဇန်န၀ါရီလ ၃၀ ရက်နေ့ည ၈နာရီ ၃၀ မိနစ်ဝန်းကျင်က Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
အဆိုပါ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ငလျင်လှုပ်ခတ်မှုကို သိရှိခံစားခဲ့ရပြီး တာမွေ၊ဗဟန်း၊ရန်ကင်း၊တောင်ဥက္ကလာ၊လသာ၊လမ်းမတော်၊အလုံ၊အင်းစိန်၊မြောက်ဒဂုံ၊သင်္ဃန်းကျွန်း၊ပုဇွန်တောင်၊မင်္ဂလာတောင်ညွန့်၊ကျောက်တံတား၊ဗိုလ်တထောင်၊စမ်းချောင်း၊ဒေါပုံ၊သာကေတ စသည့် မြို့နယ်များတွင်လည်း ငလျင်လှုပ်ခတ်မှုကို သိရှိခံစားခဲ့ရကြောင်း ယင်းမြို့နယ်များတွင် နေထိုင်သူများ၏ ပြောကြားချက်အရသိရှိရသည်။
EMG

No comments:

Post a Comment