Friday, January 18, 2013

ဆရာဟောင်း ဂွာဒီယိုလာ ရှိရာ ဘိုင်ယန်သို့ မပြောင်းဟု ဘာစီလိုနာ ကွင်းလယ်လူ သီယာဂို အတည်ပြု


မိမိသည် နည်းပြ ဂျိုးဆက် ဂွာဒီယိုလာနောက်သို့ လိုက်ကာ ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့မည် မဟုတ်ဟု ဘာစီလိုနာ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်ထရာ ပြောကြားလိုက်သည်။
အသက်(၂၁)နှစ်ရှိ တက်သစ်စ စပိန်Playmakerလေးသည် ဆရာဟောင်း ဂွာဒီယိုလာနှင့်အတူ အေလီယန့်ဇ် ကွင်းကြီးတွင် သွားရောက် ပူးပေါင်းနိုင်ကြောင်း စပိန်မီဒီယာ အချို့က ရေးသား ဖော်ပြခဲ့သော်လည်း ကာယကံရှင်ကမူ ငြင်းဆိုခဲ့သည်။ သီယာဂိုသည် ပင်ကိုယ်ခြေစွမ်း ပြည့်ဝ ကောင်းမွန်သည့် လူငယ်ခြေတက် တစ်ဦး ဖြစ်သော်လည်း နူးကမ့်တွင် ရှာဗီဟာနန်ဒက်ဇ်၊ အင်းဒရက်စ် အင်နီယေစတာနှင့် ဆက်စ်ဖာဘရီဂက်စ် အရှိသည့် ကမ္ဘာ့အဆင့် ကစားသမားများကို တိုးမပေါက်ဘဲ ရုန်းကန်နေရသည်။
ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာသည် ဘိုင်ယန်နှင့် စာချုပ်ကြောင်း သတင်းကို ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ သီယာဂိုက "ကျွန်တော် ဘာစီလိုနာမှာ ကစားနေတာပါ။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ အသင်းအတွက် ကိုယ်စားပြုနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာကို စွန့်ခွာပြီး ဘိုင်ယန်ကို သွားဖို့ဆိုတာ အစီအစဉ် မရှိပါဘူး"ဟု ရှင်းလင်းသွားသည်။ ဘိုင်ယန်အသင်းသည် ယခုနှစ် ဘောလုံးရာသီ အစောပိုင်းက အက်သလက်တီကို ဘီလ်ဘာအိုမှ စပိန်ကွင်းလယ်လူ ဟာဗီ မာတီနက်ဇ်ကို ခေါ်ယူခဲ့သေးသည်။

သီယာဂိုက "ဂွာဒီယိုလာ ဘောလုံးလောကထဲ ပြန်ဝင်လာတာက တကယ့် သတင်းကောင်းပါ။ သူဟာ ဘာစီလိုနာ အတွက် သမိုင်းသစ်တွေကို ဖန်တီးပေးခဲ့သလို ဘောလုံးအတွက် အစွမ်းကုန် ပေးဆပ်ခဲ့သူ ဖြစ်ပါတယ်။ ဘိုင်ယန်အတွက် သူအကောင်းဆုံးတွေ လုပ်ဆောင်ပေးနိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်"ဟုလည်း ပြောကြားသွားသည်။ 
Ref: Goal
soccer myanmar

No comments:

Post a Comment