Saturday, January 26, 2013

ယခုဈေးကွက် စတုတ္ထမြောက် ဝယ်ယူမှုအဖြစ် နန်စီ ဘယ်နောက်ခံလူ ဟိုင်ဒါရာအား နယူးကာဆယ်လ် ခေါ်ယူ


နယူးကာဆယ်လ် ယူနိုက်တက် အသင်းသည် နန်စီ ဘယ်နောက်ခံလူ မက်ဆာဒီယို ဟိုင်ဒါရာအား စာချုပ် ခေါ်ယူလိုက်ခြင်းဖြင့် ၎င်းတို့၏ ပြင်သစ်ဈေးကွက်အတွင်း မွှေနှောက်မှုကို ဆက်လက် အရှိန်မြှင့်တင်ခဲ့သည်။

ပရီးမီးယားလိဂ်တွင် တန်းဆင်းဇုန် ခြိမ်းခြောက်မှုကို ခံနေရသည့်နောက် ဇန်နဝါရီ ဈေးကွက်တွင် လူအင်အား ဖြည့်တင်းမှုများ ပြုလုပ်နေသော အသင်းသည် ပြင်သစ် အသက်(၂၁)နှစ်အောက် လက်ရွေးစင်အသင်း ကစားသမားကို (၅)နှစ်ခွဲ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့သည်။ အသက်(၂၀)သာ ရှိသေးသော ကစားသမားသည် အဖြူနှင့် အနက်ကျား ဂျာစီကို ဝတ်ဆင်တော့မည် ဖြစ်ကြောင်း နယူးကာဆယ်လ်က အတည်ပြု ကြေညာခဲ့သည်။ ယင်းသည် ဆောင်းရာသီ ဈေးကွက်ဖွင့်ချိန်တွင် နယူးကာဆယ်လ်က ခေါ်ယူသည့် စတုတ္ထမြောက် ကစားသမားလည်း ဖြစ်လာသည်။
နယူးကာဆယ်လ်သည် ပြင်သစ် အခြေစိုက် ကစားသမားများချည်း ဖြစ်ကြသော မက်သရူး ဒီဘူချီ၊ မာပူ ယန်ဂါ အမ်ဘီဝါနှင့် ယိုအန် ဂေါ်ဖရန်တို့ကိုလည်း ဟိုင်ဒါရာ မတိုင်မီက ခေါ်ယူထားခဲ့သည်။ လတ်တလောတွင် ပရီးမီးယားလိဂ် အဆင့်(၁၆)၌ ရပ်တည်နေသော အသင်းသည် တူးလော့စ် ကွင်းလယ်လူ မာဆာ ဆစ်ဆိုကိုကိုလည်း ဆက်လက် ချိတ်ဆက်နေပြီး ဈေးကွက်မပိတ်မီ ပဉ္စမမြောက် ပြင်သစ် အခြေစိုက် ကစားသမား တစ်ဦးအား ထပ်မံ သိမ်းသွင်းဖွယ် ရှိနေသည်။ ဟိုင်ဒါရာက "ကျွန်တော် နယူးကာဆယ်လ်ကို ရွေးခဲ့တယ် ဆိုတာက ကလပ်အသင်းဘက်က ကျွန်တော့်ကို ခေါ်ယူချင်နေတဲ့ စိတ်ဆန္ဒအတွက်ပါ။ အမှတ်ပေးဇယား ရပ်တည်မှုအကြောင်း ကျွန်တော် မတွေးပါဘူး"ဟု ပြောကြားသွားသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment