Monday, January 7, 2013

မန်ယူသာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာမည်ဟု မော်ရင်ဟို မှတ်ချက်ပြု

ဇယားထိပ်တွင် ရပ်တည်နေသည့် မန်ချက်စတာ ယူနိုက်တက်

အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲတွင် မန်ချက်စတာ ယူနိုက်တက် အသင်း ဗိုလ်စွဲမည် ဖြစ်ကြောင်းနှင့် အာဆင်နယ်၏ ချန်ပီယံလိဂ် ဝင်ခွင့် နေရာကို တော့တင်ဟမ် ဟော့စပါးက သိမ်းပိုက်လိမ့်မည်ဟု ဟိုဆေး မော်ရင်ဟိုက ဟောကိန်းထုတ်လိုက်သည်။
ရီးယဲလ်မက်ဒရစ် အသင်း၏ နည်းပြက ပရီးမီးယားလိဂ်တွင် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးသည် ၎င်းတို့ လက်ထဲမှ ဆုဖလားကို မြို့ခံပြိုင်ဘက်ထံ လွှဲပေးရလိမ့်မည်ဟု ပြောကြားခဲ့သည်။ ချယ်လ်ဆီး မန်နေဂျာ ဘဝက ပြိုင်ဘက်များအဖြစ် ရင်ဆိုင်ခဲ့ဖူးသော မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ယခုရာသီ ပရီးမီးယားလိဂ်ကို သိမ်းပိုက်နိုင်မည်ဟု မော်ရင်ဟိုက ခန့်မှန်းခဲ့သည်။ ပေါ်တူဂီသား နည်းပြသည် ယမန်နှစ်က လာလီဂါ ချန်ပီယံဆုကို ရီးယဲလ်အတွက် ရယူပေးနိုင်ခဲ့သော်လည်း လက်ရှိ အနေအထားတွင်မူ စွမ်းဆောင်ရည်ပိုင်း၌ ရုန်းကန် ကြိုးစားနေရဆဲ ဖြစ်သည်။
မော်ရင်ဟိုက "မန်ယူဟာ လောလောဆယ် ထိပ်ဆုံး နေရာကို ရောက်နေပါတယ်။ သူတို့ဟာ ထိပ်ရောက်သွားရင် ကန်ချဖို့ အရမ်းအရမ်း ခက်သွားတဲ့ အသင်းမျိုးပါ"ဟု The Sunသို့ ပြောကြားခဲ့သည်။ မော်ရင်ဟို၏ ရီးယဲလ်အသင်းသည် ဖေဖော်ဝါရီလတွင် မန်ယူနှင့် ချန်ပီယံလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ၎င်းက "မန်စီးတီးမှာလည်း အင်အားအရမ်းတောင့်တဲ့ လူစာရင်းမျိုးတော့ ရှိပါတယ်။ ပြီးတော့ လက်ရှိချန်ပီယံတွေလည်း ဖြစ်နေတာကြောင့် အဆုံးထိ တိုက်ပွဲဝင်နေမှာတော့ သေချာပါတယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။

မော်ရင်ဟိုက "အာဆင်နယ်ရဲ့ ဒီရာသီ စွမ်းဆောင်ရည်က အနိမ့်အမြင့် များလွန်းတယ်။ သူတို့အသင်းက ကောင်းပါတယ်။ ဒါပေမဲ့ အကောင်းဆုံးတော့ မဟုတ်ဘူး။ သူတို့ ထိပ်ဆုံး (၄)သင်း စာရင်းမှာ သူတို့ ပါနိုင်မှာလား။ အမြဲတမ်းလိုလို ပါနေကျဆိုတော့ ဒီနှစ်လည်း ဘာကြောင့် မဖြစ်နိုင်မှာလဲလို့ ထင်စရာ ရှိတယ်။ ဒါပေမဲ့ အရမ်းခက်ခဲပါလိမ့်မယ်။ တော့တင်ဟမ် ဟော့စပါး၊ ချယ်လ်ဆီးနဲ့ အဲဗာတန်တို့ကို ယှဉ်ပြိုင်ရဖို့က တော်တော်လေးကို ကြမ်းတမ်းတဲ့ အခြေအနေပါ။ စပါးဟာ အကောင်းဆုံး စုဖွဲ့မှုမျိုး ရှိလာပါပြီ။ ထူးချွန်တဲ့ ကစားသမားတွေလည်း ရှိနေတယ်။ တချို့ဆိုရင် ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတွေလို့တောင် ပြောနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။
၎င်းက "ကျွန်တော့် အမြင်အရတော့ ရာသီကုန်မှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး(၄)သင်းဟာ မန်ယူ၊ မန်စီးတီး၊ စပါးနဲ့ ချယ်လ်ဆီးတို့ပဲ ဖြစ်ပါလိမ့်မယ်"ဟုလည်း ကောက်ချက်ချသွားသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment