Thursday, January 24, 2013

နယူးကာဆယ်လ် တန်းမဆင်းနိုင်ဟု ကစားသမားသစ် အမ်ဘီဝါ သုံးသပ်


နယူးကာဆယ်လ် ယူနိုက်တက် အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်မှ တန်းဆင်းစရာ အကြောင်းမရှိဟု ကစားသမားသစ် မာပူ ယန်ဂါ အမ်ဘီဝါက ပြောကြားလိုက်သည်။

လက်ရှိတွင် မန်နေဂျာ အလန်ပါဂျူး၏ အသင်းသည် တန်းဆင်းဇုန်အထက် (၂)မှတ်တွင်သာ ရပ်တည်နေသော်လည်း မွန့်ပယ်လီယေး အသင်းခေါင်းဆောင်ဟောင်းက ရာသီကုန်တွင် နယူးကာဆယ်လ်သည် ပရီးမီးယားလိဂ်တွင် လုံလုံခြုံခြုံ ရှိနေမည်ဟု မှတ်ချက်ပြုခဲ့သည်။ ပေါင်စတာလင် (၇)သန်းဖြင့် ယခုသီတင်းပတ်အတွင်း စိန့်ဂျိမ်းပါ့ခ်သို့ ရောက်ရှိလာသည့် ကစားသမားက "အသင်းအတွက် တန်းဆင်းနိုင်တယ် ဆိုတဲ့ ကိစ္စဟာ စိုးရိမ်စရာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ နယူးကာဆယ်လ်ဟာ ကြီးမားတဲ့ ကလပ်အသင်း တစ်ခုပါ။ လောလောဆယ် အကောင်းဆုံး နေရာမှာ ရှိမနေတာ တစ်ခုပဲ ပြောစရာ ဖြစ်နေတယ်"ဟု မှတ်ချက်ပြုခဲ့သည်။
အမ်ဘီဝါက "ကျွန်တော်က နယူးကာဆယ်လ်ကို အမှတ်ပေးဇယား ထိပ်နားမှာ ရာသီသိမ်းစေချင်တာပါ။ လူတွေက ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး (၄)သင်း နေရာအကြောင်းပဲ အစဉ်အဆက် ပြောဆိုလာခဲ့ကြတယ်။ အသင်းမှာက ကစားသမားတွေရော၊ မန်နေဂျာပါ စိတ်ကူး အကြံအစည်တွေ ရှိနေပါတယ်။ နယူးကာဆယ်လ်ဟာ ရှေ့က အသင်းတွေနဲ့ ကွာဟမှုကို သေချာပေါက် လျှော့ချနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ထိပ်ဆုံး (၆)နေရာလောက်မှာ ပါဝင်လာဖို့ အရင်လုပ်ရမယ်။ ရေရှည်အတွက်ဆိုရင် အဲဒီအဆင့်ကနေ တက်ပြီး ချန်ပီယံဆုကိုတောင် ဘာကြောင့် စိန်မခေါ်နိုင်ရမှာလဲ"ဟု ပြောဆိုသွားသည်။

နယူးကာဆယ်လ်သည် ဘောဒိုးစ်အသင်းမှတိုက်စစ်မှူးယိုအန် ဂေါ်ဖရန်ကိုလည်း ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
Ref: The Sun
soccer myanmar

No comments:

Post a Comment