Saturday, January 26, 2013
ဘာစီလိုနာကို ငြင်းခဲ့ဖူးသည့်အတွက် နောင်တမရဟု ဘူဖွန်ဆို
ဘာစီလိုနာသို့ ပြောင်းရွှေ့နိုင်သည့် အခြေအနေကို ငြင်းဆန်ခဲ့သည့်အတွက် မိမိ မည်သည့်အခါတွင်မျှ နောင်တရနေမည် မဟုတ်ဟူ ဂီယန်လူဂီ ဘူဖွန်က ပြောကြားလိုက်သည်။
(၂၀၀၁)ခုနှစ်က ပါးမားအတွက် ကစားပေးနေစဉ် ဘူဖွန်အား စပိန်ကလပ် အသင်းကြီးက အလေးအနက် ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော်လည်း အီတလီ လက်ရွေးစင် ဂိုးသမားက ဘာစီလိုနာကို ငြင်းဆန်ခဲ့ပြီးနောက် ဂျူဗင်းတပ်စ် အသင်းသို့သာ ပြောင်းရွှေ့ခဲ့သည်။ ဂျူဗင်းတပ်စ်သည် ဂိုးသမား တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၃၄)သန်းမျှ ပေးချေကာ ဘူဖွန်အား ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ဦးအဖြစ် သတ်မှတ်ခံရသော ဘူဖွန်သည် လက်ရှိအချိန်ထိ ဂျူဗင်းတပ်စ်တွင် တည်ငြိမ်စွာ လက်စွမ်းပြနေသည်။
၎င်းသည် လုပ်ပွဲအရှု့ပ်တော်ပုံကြောင့် ဂျူဗင်းတပ်စ်တို့ တန်းဆင်းရသည်ကို ကြုံခဲ့ရသလို တန်းပြန်တက်လာပြီး အီတလီ စီးရီးအေ ချန်ပီယံဘွဲ့ ဆွတ်ခူးရာတွင်လည်း ကူညီ တိုက်ပွဲဝင်ခဲ့သည်။ တစ်ဖက်တွင် ဘာစီလိုနာမှာ လက်ရှိ ကမ္ဘာပေါ်၌ အောင်မြင်မှု အကြီးမားဆုံး ကလပ်အသင်းတစ်ခု ဖြစ်လာခဲ့သည်။ အသက်(၃၄)နှစ် ရှိပြီဖြစ်သော ဂျူဗင်းတပ်စ် အသင်းခေါင်းဆောင် ဘူဖွန်က AFPနှင့် အင်တာဗျူးတွင် "ကျွန်တော့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ်။ ဖြတ်သန်းခဲ့တဲ့ ကစားသမား ဘဝကို ကျေနပ်ရဲ့လား ဆိုတာကိုပါ။ ဘာမှ တွေဝေနေဖို့ မရှိဘူး။ ဘာစီလိုနာကို ကျွန်တော် ငြင်းခဲ့ပေမယ့် သူတို့ကျွန်တော့်ကို ကမ်းလှမ်းပြီး (၅)နှစ်အတွင်း ဘာအောင်မြင်မှုမှ သူတို့ဆီမှာ မရှိခဲ့ပါဘူး"ဟု ပြောကြားခဲ့သည်။
ဘူဖွန်က "ဘာစီလိုနာဟာ (၂၀၀၆)က စပြီး အောင်မြင်လာတာပါ။ အဲဒီမတိုင်ခင် (၅)နှစ်လောက် အောင်မြင်မှု ကင်းကွာနေတယ် ဆိုတာက ရှည်လျားတဲ့ အချိန်တစ်ခုပါ။ အဲဒီအချိန် အတောအတွင်းမှာ ကျွန်တော့် ကစားသမား ဘဝက ဘယ်လောက် တိုးတက်လာတယ် ဆိုတာကို မြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ ဘာနောင်တမှ မရှိဘူး"ဟု ပြောဆိုသွားသည်။ ဘူဖွန်သည် ယခုသီတင်းပတ်အတွင်း ဂျူဗင်းတပ်စ်နှင့် (၂၀၁၅)ခုနှစ်၊ နွေရာသီထိ သက်တမ်းရှိမည့် စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
Ref: Goal
soccer myanmar

No comments:
Post a Comment