Thursday, January 3, 2013

တပ်မတော်သား ကိုယ်စားလှယ်(၈)ဦး အပြောင်းအလဲရှိသည့် တိုင်းဧရာလွှတ်တော်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးများအား စတင်ကျင်းပလျှက်ရှိရာ လွှတ်တော်တက်ရောက်လျှက်ရှိသော တပ်မတော်သားကိုယ်စားလှယ် (၁၈)ဦးရှိသည့်အနက် (၈)ဦးကို အစားထိုး ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။
 
ကျင်းပပြီးစီးခဲ့သော စတုတ္ထပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝန်ကြီး (၂)ဦးဖြစ်သော လူမှုရေးဝန်ကြီးနှင့် စိုက်ပျိုးမွေးမြူရေးဝန်ကြီး (၂)ဦးအား ၀န်ကြီးနေရာပြောင်းလဲ တာဝန်ပေးအပ်ခဲ့ပြီး ယခု ပဉ္စမပုံမှန် အစည်းအဝေးတွင်လည်း တပ်မတော်သားကိုယ်စားလှယ်များကိုပြောင်းလဲခန့်အပ်ခြင်း ဖြစ်သည်။
 
တပ်မတော်သားကိုယ်စားလှယ်ဆိုတာ ပြည်သူတွေရဲ့ ကြားမှာအဓိက သွားလာနေတဲ့သူဖြစ်တာ ကြောင့် ကိုယ်တွေသွားလာနေ ရတဲ့ ဒေသက ပြည်သူတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို လည်း လွှတ်တော်မှာ တင်ပြတိုက်တွန်းဖို့လိုပါတယ် ဟု ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌ ဦးဆန်းဆင့်က ပြောသည်။
 
ဧရာဝတီတိုင်းလွှတ်တော်တွင် တိုင်းအတွင်းရှိ မြို့နယ်ပေါင်း (၂၇)ခုမှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် (၂)ဦးနှုန်းဖြင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် (၅၄)ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်(၁၈)ဦး စုစုပေါင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် (၇၂)ဦး တက်ရောက်လျက်ရှိသည်။
 
၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့က ပြောင်းလဲခန့်အပ်ခြင်းခံရသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၈)ဦးအား ကျမ်းသစ္စာကျိန်ဆို လက်မှတ်ထိုးခြင်း အစီအစဉ်ကို ထည့်သွင်း ကျင်းပခဲ့ သည်။
 
အစားထိုးပြောင်းလဲခန့်အပ်ခဲ့သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အချို့မှာ ဗိုလ်မှူး ကျော်လင်း အစား ဗိုလ်ကြီး ဥာဏ်ထွန်း   ၊ ဗိုလ်ကြီးအေးစိုးအစား ဗိုလ်ကြီးနိုင်မျိုးဦး ၊ ဗိုလ်ကြီးဟန်လင်း အစား ဗိုလ်ကြီးသိန်းထွန်း နှင့် ဗိုလ်ကြီးဟိန်းလတ်အစား ဗိုလ်ကြီးအောင်ကိုလတ် တို့ဖြစ်သည်။
မျိုးမင်းထွန်း (မြစ်မခ)

No comments:

Post a Comment