Monday, January 7, 2013

ဟန်းဆက်များကို ဈေးနှုန်းလျှော့ချပြီး ဟန်းဆက်အရောင်းဆိုင်များ ပြိုင်ဆိုင်ရောင်းချလာ


၂၀၁၂ ခုနှစ်အတွင်း ဟန်းဆက်ဆိုင်အရေအတွက်သည် ဈေးကွက်အတွင်း၌ သိသိသာသာ တိုးတက်လာခဲ့ကြောင်း၊ အသစ်ဖွင့်လှစ်လာသည့် ဟန်းဆက်အရောင်းဆိုင်များသည် ၎င်းတို့အတွက် ဈေးကွက်ဝေစု ပိုမိုပိုင်ဆိုင်လာနိုင်စေရန် ဟန်းဆက်ဈေးနှုန်းများကို သိသိသာသာလျှော့ချ၍ ပြိုင်ဆိုင်မှုပြုလုပ်လာခဲ့ကြောင်း သိရှိရသည်။

မိုဘိုင်းဖုန်းလိုင်းဈေးနှုန်းကို လျှော့ချပေးမည်ဟု သတင်းများ ထွက်ပေါ်လာသည့် ကာလ၌ ဟန်းဆက်အရောင်းဈေးကွက်သည် သိသိသာသာ လျော့ကျလာခဲ့ကြောင်း၊ အရောင်းအ၀ယ်ဖြစ်မှု နည်းပါးလာသည့် ကာလ၌ ဟန်းဆက်အရောင်းဆိုင်များ၏ ဈေးနှုန်းလျှော့ချ၍ ယှဉ်ပြိုင်မှုမှာလည်း ပိုမိုပြင်းထန်လာခဲ့ကြောင်း ဈေးကွက်ကျွမ်းကျင်သူများကပြောသည်။ ယခင်က ဟန်းဆက်ဈေးနှုန်းများသည် ဈေးနှုန်းအနေဖြင့် ထောင်ဂဏန်းမျှ ကျဆင်းတတ်သော်လည်း ယခုအခါ၌ သောင်းဂဏန်းအထိ ကျဆင်းလာခဲ့ပြီဖြစ်သည်။ “အရင်က အရောင်းဆိုင်တွေမှာ ဟန်းဆက်အမျိုးအစားကလည်း နည်းတယ်။ အခုက အမျိုးအစားတွေ ပေါသလို   နည်းပညာအသစ်တွေကလည်း များလာတယ်။ အရောင်းကလည်း အေးလာတယ်။ ပြိုင်ဆိုင်မှုတွေကလည်း ရှိလာတယ်။ ဈေးနှုန်းတွေက မော်ဒယ်အနိမ့်တွေမှာ ၃ ထောင်လောက်ကနေစပြီး မော်ဒယ်အမြင့်တွေမှာ ဈေးနှုန်း ၂ သောင်း လောက်အထိ လျှော့ချလာကြတာ တွေ့ရတယ်” ဟု လူကြီးမင်း ဟန်းဆက်အရောင်းဆိုင်မှ ဦးကိုကိုအောင်ကပြောသည်။ ဟန်းဆက်အရောင်းဆိုင်များအနေဖြင့် ရောင်းချသည့် ဟန်းဆက်များကို ဈေးနှုန်း အပြိုင်အဆိုင် လျှော့ချနေသော်လည်း ၎င်းတို့အနေဖြင့် နိုင်ငံခြားတိုင်းပြည်များမှ ၀ယ်ယူရသည့် ဟန်းဆက်ဈေးနှုန်းမှာ လျော့ကျခဲ့ခြင်းမရှိဟု ACE ဟန်းဆက် အရောင်းဆိုင်ပိုင်ရှင် ဦးသန်းထိုက်ကဆိုသည်။ “တချို့က အရှုံးနဲ့ရောင်းတယ်။ တချို့က အရင်းဈေးနဲ့ရောင်းတယ်။ ဒါပေမဲ့ ဟိုဘက်က၀ယ်တဲ့ဈေးက ကျလာတာမဟုတ်ဘူး။ ပုံမှန်ပဲ။ ဒီဘက်မှာက ဆိုင်တွေများလာတယ်။ ပြိုင်ဆိုင်မှုတွေ များလာတယ်။ တကယ်ဆိုရင် ငွေဈေးကလည်း မာနေချိန်မှာ မူရင်းဈေးနှုန်းအလိုက် ဟန်းဆက်ဈေးတွေဟာ ၁ သောင်းကနေ ၂ သောင်းလောက်အထိ ဈေးက အရင်ထက်လျော့ကျလာတယ်” ဟု ဦးသန်းထိုက်ကပြောသည်။ ဒီဇင်ဘာလ စတင်သည်နှင့် တစ်ပြိုင်နက် ဟန်းဆက်အရောင်းဆိုင်များ၏ အရောင်းဈေးကွက်လွန်စွာလျော့နည်းလာခဲ့သည်မှာ မြန်မာ့ဆက်သွယ်ရေး၏ ဈေးနှုန်းလျှော့ချပေးမည်ဟုသော မိုဘိုင်းဖုန်းလိုင်းများကို စောင့်ဆိုင်းနေကြခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။ “လွန်ခဲ့တဲ့ ၄ နှစ်လောက်ကဆိုရင် ကွန်ပျူတာဈေးကွက်မှာ အခု ဟန်းဆက်အရောင်းဈေးကွက်လိုပဲ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ကြတယ်။ နောက်တော့ ပြိုင်ရတာ မောလာတယ်။ ပြိုင်ဆိုင်နိုင်ခြင်းလည်း မရှိကြတော့ဘူး။ ဈေးကွက်ကိုလည်း ခွဲဝေစားသောက်ပြီးသလိုဖြစ်သွားတော့ ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားတာ တွေ့ရတယ်” ဟု ဈေးကွက်ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အိုင်တီ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ 
ရေးသားသူ -မြင့်ကျော်လှိုင်
Internet Journal

No comments:

Post a Comment