Thursday, January 31, 2013

တောင်ကိုရီးယား၏ အာကာသဒုံးယာဉ်လွှတ်တင်မှု အောင်မြင်


အာကာသအတွင်းသို့ ဂြိုဟ်တုတစ်လုံးကို ပို့ဆောင်နိုင်ရေးအတွက် တတိယ အကြိမ်မြောက် ကြိုးပမ်းသည့် တောင် ကိုရီးယားနိုင်ငံ၏ အာကာသ ဒုံးယာဉ် လွှတ်တင်မှု အစီအစဉ်မှာ အောင်မြင်သွားပြီဖြစ်ကြောင်း ယနေ့ ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ တောင်ကိုရီးယား၏ နာယိုအာကာသယာဉ် လွှတ်တင်ရေးစခန်းမှ အာကာသဒုံးယာဉ် ကေအက်ဖ်အယ်လ်ဗွီ-၁ လွှတ်တင်မှုကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။ ဒုံးယာဉ်လွှတ်တင်ပြီး မကြာမီမှာပင် ဒုံးယာဉ် လွှတ်တင်မှု အောင်မြင်ကြောင်း တာဝန်ရှိ သူများက ပြောကြား ခဲ့သည်။ နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများ ပြုခဲ့သော မကြာသေးမီ ရက်သတ္တပတ်များအတွင်း မြောက် ကိုရီးယားနိုင်ငံ၏ အဆင့်သုံးဆင့်ပါ ဒုံးကျည်ဖြင့် ဂြိုဟ်တုတစ်လုံးအား ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ပြီးနောက်တွင် တောင်ကိုရီးယားနိုင်ငံက အာကာသဒုံးယာဉ်ကို လွှတ်တင် လိုက်ခြင်းဖြစ်သည်။ တောင် ကိုရီးယားနိုင်ငံက ယခုလွှတ်တင်ခဲ့သော ဒုံးယာဉ်မှာ အလေးချိန်တန် ၁၄ဝ ရှိပြီး နာယို အမည်ရှိသည့် ဒုံးယာဉ်၏ အစိတ်အပိုင်း အချို့ကို တောင်ကိုရီးယား ပြည်တွင်းတွင် တည်ဆောက်ပြီး အစိတ်အပိုင်းအချို့ကိုမူ ရုရှားနိုင်ငံက တည်ဆောက်ပေးသည်ဟု သတင်းတွင် ဖော်ပြသည်။ တောင် ကိုရီးယားနိုင်ငံသည် အာကာသအတွင်းသို့ ဒုံးယာဉ်လွှတ်တင်ရန် ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်များတွင် နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ဖူးပြီး အောင်မြင်မှု မရရှိခဲ့ပေ။ ယခုပစ်လွှတ်ခဲ့သည့် တတိယအကြိမ်မြောက် ဒုံးယာဉ်လွှတ်တင်ရေး အစီအစဉ်ကို နည်းပညာပိုင်းဆိုင်ရာ အကြောင်းအားနည်းချက်များကြောင့် နှစ်ကြိမ်ခန့် ရွှေ့ဆိုင်းခဲ့ရသေးသည်ဟု ဆိုသည်။ ယခုဒုံးယာဉ်လွှတ်တင်မှုကို မြို့တော်ဆိုးလ်၏ တောင်ဘက် ကီလိုမီတာ၄၈ဝ (၂၉၈မိုင်) အကွာရှိ အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ လုပ်ဆောင်ခဲ့ပြီး အာကာသဒုံးယာဉ်က ၄င်းသယ်ဆောင်သွားသော ဂြိုဟ်တုကို သတ်မှတ်ထားသည့် ကမ္ဘာ့မြေပြင် အထက်အမြင့်သို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ယွန်ဟပ် သတင်းတွင် ဖော်ပြသည်။ အာကာသဒုံးယာဉ်ဖြင့် သယ်ဆောင်သွားသည့် ဂြိုဟ်တုမှာ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဂြိုဟ်တုဖြစ်ပြီး ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရန် ပုံစံထုတ် တည်ဆောက်ထားသည်ဟု သတင်းတွင် ဖော်ပြသည်။ 
BBC
khitlunge

No comments:

Post a Comment