Thursday, January 24, 2013
မန်နေဂျာ အားကိုးလောက်သည့် အဆင့်မျိုး ဖြစ်လာအောင် ကြိုးစားမည်ဟု ဟန်ဒါဆန်ဆို
လီဗာပူးလ်တွင် မန်နေဂျာ ဘရန်ဒန် ရော့ဂျာ အားကိုးအားထား ပြုရလောက်သည့် အဆင့်မျိုး တက်လှမ်းပြရန် လိုလားကြောင်း ကွင်းလယ်လူ ယော်ဒန် ဟန်ဒါဆန်က ဖွင့်ဟ ပြောကြားလိုက်သည်။
အသက်(၂၂)နှစ်ရှိ အင်္ဂလန် ကစားသမားသည် လက်ရှိ လီဗာပူးလ် ကွင်းလယ်တွင် စတီဗင်ဂျရတ်၊ ဂျိုးအလန်နှင့် လူးကက်စ်လီဗာတို့၏ အရန်အဖြစ်သာ အဓိက နေရာရနေသူ ဖြစ်သည်။ ၎င်းသည် လီဗာပူးလ်က နောဝှစ်ခ်ျ စီးတီးကို (၅-၀)ဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးပါ သွင်းယူပေးခဲ့သည်။ ပြီးခဲ့သည့် ဘောလုံးရာသီ မစတင်မီက ဆန်းဒါးလန်းမှ ပေါင်စတာလင် (၁၆)သန်းဖြင့် ပြောင်းရွှေ့လာသည့်နောက် ဟန်ဒါဆန်သည် လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၂၆)ပွဲ ပါဝင်ပေးခဲ့သည်။
လီဗာပူးလ် ကွင်းလယ်တွင် အလန်၊ ဂျရတ်၊ လူးကက်စ်တို့အပြင် ဂျွန်ဂျိုရှယ်လ်ဗီ၏ အားပြိုင်မှုလည်း ရှိနေသည့်တိုင် ဟန်ဒါဆန်က ရော့ဂျာ အားထားရသည့် ခြေစွမ်းမျိုး ပြသနိုင်ရန် ငံ့လင့်လျှက်ရှိသည်။ "လီဗာပူးလ်မှာ အကောင်းဆုံး ကစားသမားတွေ အများကြီး ရှိနေတာပါ။ မန်နေဂျာကို သီတင်းပတ်တိုင်း လူရွေးချယ်မှုအတွက် ခေါင်းစား နေစေချင်ပါတယ်။ ဒါဟာ အသင်းအတွက်လည်း ကောင်းမွန်တဲ့ ကိစ္စမျိုး မဟုတ်လား"ဟု ဟန်ဒါဆန်က အသင်းပိုင် ဝက်ဘ်ဆိုက်သို့ ပြောကြားသွားသည်။
"ကျွန်တော် အပါအဝင် အားလုံးဟာ လေ့ကျင့်ရေးကွင်းမှာ ပိုပိုပြီး တိုးတက်လာဖို့ ကြိုးစားကြရမှာပါ။ ကျွန်တော့် အနေနဲ့လည်း မန်နေဂျာ အားထားရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်"ဟု ဟန်ဒါဆန်က ဆိုသည်။ ၎င်းက ရာဟင်စတာလင်နှင့် လူးဝစ်ဆွာရက်ဇ်တို့ နောက်မှ လိုက်ကစားရခြင်းသည် အဆင်ပြေ လွယ်ကူကြောင်းလည်း ဖွင့်ဟခဲ့သည်။ "သူတို့နှစ်ယောက်ဟာ ကမ္ဘာ့အဆင့် ကစားသမားတွေပါ။ သူတို့ရဲ့ လှုပ်ရှားပုံတွေကြောင့် နေရာလွတ်တွေ ပေါ်လာပြီး အလယ်တန်း ကစားသမားတွေအတွက် ပိုပြီး လွယ်ကူစေပါတယ်"ဟု ဟန်ဒါဆန်က သုံးသပ်သွားသည်။
Ref: Goal
soccer myanmar

No comments:
Post a Comment