Wednesday, January 23, 2013

၁၀ နှစ်ကျော် လေ့လာပြီးမှ စပစ်ဖိုင်းယား ရှာဖွေခဲ့ခြင်းဟု ရွှေတောင်ပေါ်ကုမ္ပဏီမှဆို

မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်း ဇန်န၀ါရီလမှ စတင်ခဲ့သော(British Spitfire fighters)  ဗြိတိသျှ စပစ်ဖိုင်းယားတိုက်လေယာဉ် ရှာဖွေရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာ (Survey) မြေပြင် အသေးစိတ်တိုင်းတာရေးအဆင့်၌သာရှိသေးကြောင်း ရွှေတောင်ပေါ်ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးထွန်းကျော်က ဆိုသည်။
 
မင်္ဂလာဒုံလေယာဉ်ကွင်းမှာ မြို့ပြလေကြောင်းလိုင်းများ အပြင် တပ်မတော်လေ အသုံးပြုနေသော ကွင်းဖြစ်သည့်အတွက် လုံခြုံရေးအခြေအနေ အရ လုပ်ငန်းခွင်အတွင်းသို့ စာနယ်ဇင်းနယ်ပယ်မှ ပုဂ္ဂိုလ်များ လာရောက် လေ့လာခွင့်ရရန် မလွယ်ကူကြောင်းကိုလည်း  ၄င်းက ပြောသည်။
 
Survey အဆင့်ပဲ ရှိသေးတယ်ဆိုတာက ကျွန်တော်တို့က အကန့်အသတ်နဲ့ လုပ်နေရတာဗျ။ အစိုးရပိုင်းက အားပေးကူညီတယ် ဆိုပေမဲ့ လေယာဉ်ကွင်းထဲမှာ ဖြစ်တဲ့အတွက် ဘယ်နေရာကို တူးသင့်တယ်၊ ဘယ်နေရာကို မတူးသင့်ဘူး ဆိုတာမျိုးကအစ သက်ဆိုင်ရာပညာ ရှင်တွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ နေ့စဉ်ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ကြရတာ။ သိတဲ့အတိုင်းပဲ လေယာဉ်ကွင်းဆိုတာ လုံခြုံရေးတင်းကြပ် ကန့်သတ်ထားတဲ့ နယ်မြေမဟုတ်လား။ လုပ်ငန်းခွင်ထဲကို မီဒီယာတွေ ၀င်ထွက်သွားလာခွင့်ရဖို့ဆိုတာက လုံခြုံရေးအရ အစိုးရက ခွင့်မပြုတာပါ ဟု ဦးထွန်းကျော်က ပြောသည်။
 
 မီဒီယာများအနေဖြင့် ကုမ္မဏီသို့မေးမြန်းစုံစမ်းခြင်းမရှိဘဲ မရေရာမသေချာသည့် သတင်းအချက် အလက်များ မထုတ်ပြန်သင့်ကြောင်းနှင့် သိရှိလိုသည့် သတင်းအချက်အလက်များအား ကုမ္မဏီသို့ မေးမြန်းစုံစမ်းစေလိုကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 
  တချို့က ကျွန်တော်တို့ဆောင်ရွက်နေတဲ့ လုပ်ငန်းအကြောင်းကို ဂဃနဏမသိဘဲ ကောလာဟလ တွေ လျှောက်ပြောကြတယ်။ ကျွန်တော်တို့ လုပ်ငန်းနဲ့ပတ်သက်ပြီး ပညာရှင်တွေ၊ လုပ်ငန်းကျွမ်းကျင် တဲ့သူတွေနဲ့ အတူ ၁၀ နှစ်ကျော် စနစ်တကျ လေ့လာပြီးမှ ဒီစီမံချက်ကို ဆောင်ရွက်ခဲ့ကြတာပါ ဟု ၄င်းက ရှင်းပြသည်။
 
 မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်း (Survey) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြစ်ကြီးနားသို့ ပြန်တက်ရန် စီစဉ်ထားပြီး မြစ်ကြီးနားတွင် ဆောင်ရွက်ဆဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရွှေတောင်ပေါ်ကုမ္ပဏီမှ အထွေထွေမန်နေဂျာက ရှင်းလင်းဖြေကြားခဲ့ပါသည်။
ကျော်ဇင်ထွန်း(မြစ်မခ)

No comments:

Post a Comment