Saturday, January 12, 2013
အသင်းနှင့် အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေသည့် ရွန်းနီ
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီသည် ယခုအခါ အသင်းနှင့် အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ကြောင်း သိရှိရသည်။
ဒူးဒဏ်ရာကြောင့် ကာလ အတန်ကြာ အနား ယူခဲ့ရပြီး မိသားစုတွင်း နာရေးကြောင့်လည်း အသင်းက သီးခြား ခွင့်ပေးခဲ့ပြီးနောက် အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် ကာရင်တန်တွင် ပြန်လည် လေ့ကျင့်နေပြီ ဖြစ်သည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အိုးလ်ထရက်ဖို့ဒ်တွင် လီဗာပူးလ် အသင်းနှင့် ရင်ဆိုင်ရာ၌ ရွန်နီကို အသုံးပြုရန် အစီအစဉ် မရှိဟု ပြောဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေ လက်ရှိ အမှတ်ပေးဇယား ဦးဆောင်သူ မန်ယူအသင်းအတွက် ရွန်နီ ပြန်ကစားနိုင်မှုသည် အားတက်စရာ သတင်းတစ်ခုလည်း ဖြစ်လာသည်။
ဖာဂူဆန်က FAဖလား ပွဲစဉ်အဖြစ် ဝက်စ်ဟမ်း ယူနိုက်တက်နှင့် ဒုတိယအကျော့ ကစားသည့် အခါတွင်မူ ရွန်နီ ပါဝင်နိုင်ရန် သေချာသလောက် ရှိနေကြောင်း ပြောဆိုထားသည်။ "ရွန်နီ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာ ကစားနိုင်မလား ဆိုတာကတော့ ပြောဖို့ စောလွန်းသေးတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းနဲ့ နောက်တစ်ပတ်မှာ ကစားရင်တော့ သေချာပေါက် ပါနိုင်လောက်တယ်"ဟု ဖာဂူဆန်က ဆိုသည်။ အိုးလ်ထရက်ဖို့ဒ်တွင် ကစားမည့် ပွဲစဉ်တွင် ရော်ဘင် ဗန်ပါစီက မန်ယူတိုက်စစ်ကို ဦးဆောင်မည် ဖြစ်ပြီး ဟာဗီးယား ဟာနန်ဒက်ဇ်နှင့် ဒန်နီဝဲလ်ဘက်တို့လည်း အသင့်ရှိနေကြောင်း သိရှိရသည်။
Ref:dailymail
soccer myanmar

No comments:
Post a Comment