Thursday, January 24, 2013
ဖူကူရှီးမား နျူစက်ရုံအနီးမှငါး ရေဒီယိုသတ္တိကြွမှု ဆိုးရွားနေ
ဂျပန်နိုင်ငံရှိ အဏုမြူဘေးအန္တရာယ် ကျရောက်ခဲ့သော ဖူကူရှီးမားနျူကလီးယား စက်ရုံအနီးမှ ဖမ်းဆီးရမိခဲ့သော ငါးတစ်ကောင်တွင် ရေဒီယိုသတ္တိကြွမှု ဆိုးဆိုးရွားရွား ရှိနေကြောင်း ဒေသဆိုင်ရာသ တင်းဌာနများက ဇန်နဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။ တိုကျို လျှပ်စစ်ဓာတ်အား ကုမ္ပဏီသည် ငါးများကို ပိုက်ဖြင့် ဖမ်းဆီး၍ လေ့လာခဲ့ရာတွင် ငါးတစ်ကောင်၌ ပြည်သူများ စားသုံးနိုင်ရန် ခွင့်ပြုပေးနိုင်သည့် ရေဒီယိုသတ္တိကြွမှု အဆင့်သတ်မှတ်ချက်ထက် အဆပေါင်း ၂၅ဝဝ ကျော် မြင့်တက်နေသည် ကို တွေ့ရှိရသည်။ ပင်လယ်ထွက် အစားအစာများ၏ ရေဒီယိုသတ္တိကြွမှု အဆင့်သတ်မှတ်ချက်မှာ အလေးချိန် တစ်ကီလိုလျှင် ၁ဝဝ ဘက်ကွာရဲဖြစ်ပြီး ယင်းအဆင့်အထိ ရေဒီယို သတ္တိကြွမှုရှိသော ပင်လယ်စာများကို ပြည်သူများစားသုံးရန် အစိုးရက ခွင့်ပြုပေးသည်။ သို့ရာတွင် ယခုဖမ်းဆီးရမိသော ငါးတွင် ရေဒီယိုသတ္တိကြွမှု ၂၅၄ဝဝဝ ဘက်ကွာရဲ အထိ ရောက်ရှိနေသည်ဟု တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီက အတည်ပြုသည်။ အခြားသော ငါးမျိုးများတွင်လည်း ရေဒီယို သတ္တိကြွမှု ဖြစ်ပေါ်နိုင်ကြောင်း သိပ္ပံပညာရှင် များက ပြောကြား ကြသည်။ တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီသည် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ကီလိုမီတာ ၂ဝ အဝန်းအဝိုင်းအတွင်းရှိ ပင်လယ်ရေတွင် ရေဒီယိုသတ္တိကြွမှု အခြေအနေကို သိရှိနိုင်ရန် ငါးဖမ်းပိုက်သစ်များ တပ်ဆင်လျက်ရှိသည်။
(ရိုက်တာ)
khitlunge

No comments:
Post a Comment