Monday, January 28, 2013

မော်ရင်ဟို နေရာတွင် အစားထိုးရန် ဝင်းဂါးကို ရီးယဲလ် မျက်စိကျနေ


ရီးယဲလ် မက်ဒရစ် အသင်းသည် လက်ရှိနည်းပြ ဟိုဆေး မော်ရင်ဟိုကို ထုတ်ပယ်ဖြစ်ခဲ့ပါက တိုက်ရိုက် အစားထိုးရန် အာစင်ဝင်းဂါးကို မျက်စိကျနေကြောင်း သိရှိရသည်။
ပေါ်တူဂီသား မော်ရင်ဟိုသည် ပြီးခဲ့သည့် ရာသီက ရီးယဲလ်ကို စပိန် လာလီဂါ ချန်ပီယံ ဖြစ်လာအောင် ဦးဆောင်ပေးခဲ့သော်လည်း ယခုရာသီတွင်မူ ဘာစီလိုနာနှင့် အမှတ်ပြတ် ကျန်နေခဲ့သလို ကစားသမားများနှင့် ပြဿနာ တက်နေသောကြောင့် ဖိအားများစွာ ရင်ဆိုင်နေရသည်။ လတ်တလောတွင် ရီးယဲလ် အသင်း တာဝန်ရှိသူများက မော်ရင်ဟိုကို ဆက်လက် ထောက်ခံဆဲဟု ပြောဆိုထားသည့်တိုင် သတင်းများကမူ မော်ရင်ဟိုနှင့် ဘာနေဗျူး လမ်းခွဲမည့် ကာလသည် တရွေ့ရွေ့ နီးကပ် လာနေကြောင်း ခန့်မှန်း ရေးသားခဲ့သည်။
ထို့အတူ အာဆင်နယ်ကို (၁၇)နှစ်နီးပါး ဦးဆောင်လာသည့် ပြင်သစ်သားကြီးကို ရီးယဲလ်က မော်ရင်ဟို နေရာတွင် အစားထိုးရန် ပိုမို အလေးအနက် ထားလာကြောင်းလည်း သတင်းများ ထွက်ပေါ်လာသည်။ တစ်ချိန်က ရီးယဲလ်သည် ဝင်းဂါးကို ချဉ်းကပ်ဖူးပြီး မအောင်မြင်ခဲ့သော်လည်း နောက်တစ်ကြိမ် ကြိုးစားရန် အသင့်ရှိနေကြောင်း Sunday People သတင်းစာက ရေးသားခဲ့သည်။ အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ကလည်း နွေရာသီတွင် နောက်တစ်ကြိမ် ဥက္ကဋ္ဌ ရွေးကောက်ပွဲ ဝင်မည်ဖြစ်ရာ ဝင်းဂါးကို ခေါ်ယူခြင်းဖြင့် ရီးယဲလ် ပရိသတ်များ၏ ထောက်ခံမှုကို ရရှိမည်ဟု မျှော်လင့်နေသည်။

ဝင်းဂါးသည် အာဆင်နယ်ကို ချန်ပီယံလိဂ်တွင် (၁၅)နှစ်ဆက် ပါဝင် ကစားခွင့်ရအောင် ဦးဆောင်နိုင်ခဲ့သော်လည်း ပြီးခဲ့သည့် (၈)နှစ်အတွင်း ဖလားလက်မဲ့ ကာလများကိုသာ ဖြတ်ကျော်ခဲ့ရသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment