Tuesday, January 1, 2013
စပိန်ပိုင် စွမ်းအင်ကုမ္ပဏီများကို ဘိုလီးဗီးယားက နိုင်ငံပိုင်အဖြစ်သိမ်းဆည်း
ဘိုလီးဗီးယား အစိုးရက စပိန်ပိုင် လျှပ်စစ်ထောက်ပံ့ရေး ကုမ္ပဏီနှစ်ခုကို နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်ကြောင်း တနင်္ဂနွေနေ့ သတင်းများတွင် ဖော်ပြသည်။ စပိန်ကုမ္ပဏီ အယ်လ်ဘာဒရိုလာ၏ လက်အောက်ခံ ကုမ္ပဏီခွဲများသည် ကျေးလက်ဒေသမှ လျှပ်စစ်မီး သုံးစွဲသူများကို သုံးစွဲခ ပိုမိုကောက်ခံသည်ဟု သမ္မတ အီဗိုမိုရေးက စွပ်စွဲသည်။ ကျေးလက်ပြည်သူများသည် မြို့သူမြို့သားများထက် ဓာတ်အားသုံးစွဲခ သုံးဆ ပိုပေးနေရသည်ဟု မိုရေးက ပြောသည်။ ယခင်ကလည်း သမ္မတသည် ရေနံကုမ္ပဏီ၊ ဆက်သွယ်ရေး ကုမ္ပဏီနှင့် စွမ်းအင် ထုတ်လုပ်သော ကုမ္ပဏီများကို ပြည်သူပိုင် သိမ်းယူခဲ့ပြီးဖြစ်သည်။ သမ္မတက ၄င်း၏အမိန့်သည် ဘိုလီးဗီးယားနိုင်ငံ အခြေခံဥပဒေနှင့် ညီညွတ်သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။ ၄င်းအခြေခံဥပဒေတွင် ပုဂ္ဂလိက အကျိုးစီးပွား၏ အထက်တွင် ပြည်သူ့ အကျိုးစီးပွားရှိသည်ဟု ပြဋ္ဌာန်းထားသည်။ အယ်လ်ဘာဒရိုလာကုမ္ပဏီသည် ၄င်းပိုင် ပစ္စည်းများအတွက် လျော်ကြေးငွေ မည်မျှရရှိမည်ကို ခုံသမာဓိတစ်ဦးက ရက်ပေါင်း ၁၈၀ အတွင်း ဆုံးဖြတ်ပေးမည်ဟု မိုရေးက ပြောသည်။
khitlunge

No comments:
Post a Comment