Monday, January 28, 2013

လီဗာပူးလ် လူငယ် ကစားသမား များ၏ စိတ်ဓာတ်ရေးရာ အပေါ် မန်နေဂျာ ရော့ဂျာ ဝေဖန်


လီဗာပူးလ် အသင်း၏ လူငယ် ကစားသမားများကို စိတ်ဓာတ်ရေးရာ ပိုမို အားကောင်းရန် လိုအပ်နေပြီဟု မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ပြစ်တင် ပြောကြားလိုက်သည်။
လိဂ်ဝမ်း ပြိုင်ပွဲဝင် ကလပ်အသင်း အိုးလ်ဟမ်ကို ရှုံးနိမ့်ကာ FAဖလားမှ ထွက်ခွာ ခဲ့ရပြီးနောက် လီဗာပူးလ်၏ လူငယ် ကစားသမားများကို ရော့ဂျာက တိုက်ရိုက် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ လီဗာပူးလ်သည် အဆိုပါ ပွဲစဉ်တွင် ဝါရင့် အချို့နှင့်အတူ ဂျက်ရော်ဘင်ဆင်၊ အင်ဒရီ ဝစ္စဒမ်၊ ရာဟင်မ် စတာလင် အစရှိသည့် လူငယ်များကို အသုံးပြုခဲ့သည်။ ရော့ဂျာက "ရလဒ်ကတော့ ခါးသီးပြီး စိတ်ပျက်စရာပါ။ ကျွန်တော်တို့ အသင်းဟာ မကြာခင်က ပွဲတချို့မှာ အနိုင်ရခဲ့ပေမယ့် ခုပွဲမှာတော့ ရှုံးခဲ့ပါတယ်။ အသင်းရဲ့ ပထမပိုင်းမှာ ကစားပုံက စိတ်ပျက်စရာ ဖြစ်ခဲ့သလို စိတ်ဓာတ်ပိုင်းကလည်း ညံ့ဖျင်းလွန်းပါတယ်။ ကစားသွားတဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်ပိုင်းကို လုံးဝ အားမရတာတော့ ကျွန်တော် ရိုးရိုးသားသား ဝန်ခံရလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "သူတို့ကို အတွေ့အကြုံ တိုးပွားစေချင်လို့ ကျွန်တော်က ထုတ်သုံးခဲ့ပေမယ့် လီဗာပူးလ်ရဲ့ ကစားဟန် ဘာလဲဆိုတာ သူတို့ နားလည်စေချင်တာလည်း ပါတယ်။ ကိုယ်ကစားနေတာဟာ လီဗာပူးလ် ဆိုတာအပြင် ချန်ပီယံဆုတွေအတွက် စိန်ခေါ်ဖို့ ကြိုးစားနေတဲ့ အစုအဖွဲ့ တစ်ခု ဆိုတာကိုလည်း ခံစားတတ်ဖို့ လိုပါတယ်။ ရှေ့ပွဲတွေမှာ ကျွန်တော်တို့ဟာ အာဆင်နယ်၊ မန်ချက်စတာ စီးတီးတို့နဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ လက်ရှိ အနေအထားက ဘယ်လိုမှ မလုံလောက်ပါဘူး။ အိုးလ်ဟမ်လို နေရာမျိုးမှာ လာကစားရရင်တောင် အနိုင်အတွက် မဖြစ်မနေ လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုံလောက်အောင် မစွမ်းဆောင်နိုင်ခဲ့သလို ဖရိုဖရဲ ဖြစ်လွန်းပါတယ်။ ပရီးမီးယားလိဂ်ဆိုရင် ပိုခက်မယ်၊ ပိုပြီး ကစားရတာ ကျပ်တည်းမယ် ဆိုတာကို နားလည်ရပါမယ်"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment