Wednesday, January 16, 2013

ကိုယ်ယောင်ဖျောက် တိုက်ခိုက်ရေးယန္တရားယာဉ် ဗြိတိန်စမ်းသပ်ပျံသန်းမည်


အဝေးထိန်း ကိုယ်ယောင်ဖျောက် တိုက်ခိုက်ရေး ယာဉ်ပျံတစ်စင်းကို ဗြိတိန်စစ်တပ်အတွက် BAE ဗြိတိန်စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးက ဒီဇိုင်းထုတ် တည်ဆောက်ပြီး ယခုနှစ် နှောင်းပိုင်းတွင် စမ်းသပ်ပျံသန်းရန် အစီအစဉ်ရှိနေကြောင်း ပရက်စ်တီဗွီက ဇန်နဝါရီ ၁၃ ရက်တွင် သတင်းဖော်ပြသည်။ တာရန်နီဟု အမည်ပေးထားသည့် အဆိုပါ မောင်းသူမဲ့ စက်ရုပ်လေယာဉ်သည် ရေဒါဖြင့် ထောက်လှမ်း၍မရဟု ဆိုသည်။ မောင်းနှင်သူမလိုဘဲ အဝေးထိန်းစနစ်ဖြင့် ပစ်မှတ်ဆီ တိုက်ရိုက်ဖြတ်ပျံသန်း၍ ဗုံးကြဲတိုက်ခိုက်နိုင်ရန် ဒီဇိုင်းဆင် တည်ဆောက်ထားသည်။ အဆိုပါ တိုက်ခိုက်ရေးယန္တရား ယာဉ်ပျံတည်ဆောက်ရေးတွင် ပေါင် ၁၂၅ သန်း သုံးစွဲခဲ့ရသည်ဟု သိရသည်။ စတင်စမ်းသပ် ပျံသန်းမှုများကို သြစတြေးလျနိုင်ငံအတွင်း လာမည့် နွေဦးတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။ ဗြိတိန်နှင့် အမေရိကန် စစ်တပ်တို့သည် မောင်းသူမဲ့ တိုက်ခိုက်ရေး ယာဉ်များအဖြစ် ရီးပါးဒရုန်းယာဉ်များကို လတ်တလော အသုံးပြုနေရသည်။ ဗြိတိန်နိုင်ငံက တီထွင်ထုတ်လုပ်လိုက်သည့် ခေတ်ရှေ့ပြေး တာရန်နီ တိုက်ခိုက်ရေး ဒရုန်းယာဉ်ပျံသည် ယာဉ်မောင်းပါ ဗုံးကြဲတိုက်လေယာဉ်များနှင့် လက်ရှိ အသုံးပြုနေသည့် ရီးပါးမောင်းသူမဲ့ တိုက်ခိုက်ရေး ဒရုန်းယာဉ်များနေရာတွင် အစားထိုး အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားသည်။ အရှေ့အလယ်ပိုင်း ဒေသအတွင်း အမျိုးသမီးများနှင့် ကလေးများ အပါအဝင် အပြစ်မဲ့ပြည်သူများ ဗုံးကြဲတိုက်ခိုက်မှုများတွင် အနည်းဆုံး ရာနှင့်ချီ၍ သေဆုံးရခြင်းကို ရှောင်လွှဲနိုင်ရန် အမေရိကန်နှင့် မဟာမိတ်များက ကိုယ်ယောင်ဖျောက် ချောင်းမြောင်း တိုက်ခိုက်နိုင်သည့် ဒရုန်းမောင်းသူမဲ့ယာဉ်များ တိုးတက်တီထွင်ရေး ကဏ္ဍတစ်ရပ်အနေဖြင့် ဗြိတိန်နိုင်ငံက တာရန်နီယာဉ်ကို တီထွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
khitlunge

No comments:

Post a Comment