Saturday, January 26, 2013
ဆဲလ်တစ် ကွင်းလယ်လူ ဝမ်ညာမာကို ပေါင်(၁၀)သန်းဖြင့် မန်ယူ ကမ်းလှမ်းဖွယ်ရှိနေ
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဆဲလ်တစ် ကွင်းလယ် ကစားသမား ဗစ်တာ ဝမ်ညာမာကို ပေါင်စတာလင် (၁၀)သန်းဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သိရှိရသည်။
အသက်(၂၁)နှစ်ရှိ ကင်ညာ ကစားသမားကို အင်္ဂါနေ့က ဆဲလ်တစ်အသင်း ဒန်ဒီးယူနိုက်တက်ကို (၄-၀)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် မန်ယူမန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင် သွားရောက် လေ့လာခဲ့သည်။ ကွင်းလယ် ခံစစ်ကို တာဝန်ယူ ကစားလေ့ရှိပြီး ကာယပိုင်း သန်မာ အားကောင်းသော ကစားသမားသည် ထိုပွဲတွင် ကိုယ်တိုင်လည်း တစ်ဂိုး သွင်းယူနိုင်ခဲ့သည်။ မန်ယူသည် ချန်ပီယံလိဂ်တွင်လည်း ဝမ်ညာမာကို ပွဲစဉ်တိုင်း စောင့်ကြည့်ခဲ့ပြီး ဘာစီလိုနာကို အံ့အားသင့်ဖွယ် (၂-၁)ဖြင့် ဆဲလ်တစ်က အနိုင်ရပြီး ဝမ်ညာမာ ဂိုးသွင်းသော ပွဲစဉ်လည်း အပါအဝင် ဖြစ်သည်။
ဖာဂူဆန်သည် ဇန်နဝါရီလတွင် နိုင်ငံအတွက် ပြန်ကစားပေးရလေ့ ရှိသည့် အာဖရိကနွယ်ဖွား ကစားသမားများကို ဝယ်ယူလေ့ မရှိသော်လည်း အရပ်(၆)ပေ၊ (၂)လက်မ မြင့်သော ကစားသမားကိုမူ နှစ်သက်နေကြောင်း သတင်းများက ဆိုသည်။ အသက်(၃၈)နှစ်ရှိ ပေါလ်စခိုးလ်၊ အသက်(၃၉)နှစ်ရှိ ရိုင်ယန်ဂစ်တို့ကဲ့သို့ ဝါရင့် ကစားသမားကြီးများ နေရာတွင် လူသစ်များ အစားထိုးရန် ရှာဖွေနေသော ဖာဂူဆန်သည် ဝမ်ညာမာ၏ ကစားအားကို မျက်စိကျနေသည်။ လတ်တာလေတွင် ဖာဂူဆန်သည် ဝမ်ညာမာအတွက် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးနှင့် အဓိက ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။
ပေါင်စတာလင် (၁၀)သန်းဆိုသော ဈေးနှုန်းမှာ ဆဲလ်တစ်အတွက် ငြင်းဆန်ရန် ခက်ခဲနိုင်သော်လည်း ဘယ်လ်ဂျီယံ ကလပ် ဘီယာချော့တ်မှ (၂၀၁၁)ခုနှစ်တွင် ပေါင်စတာလင် (၉)သိန်းဖြင့် ဝယ်ယူခဲ့သော ကစားသမားအား စကော့တလန် ချန်ပီယံတို့က ဆက်ထိန်းထားရန် ဆန္ဒရှိနေကြောင်းလည်း သိရှိရသည်။
Ref: The Sun
soccer myanmar

No comments:
Post a Comment