Saturday, January 19, 2013

ဂျပန်မှ ကန်သန်း(၇၀၀) ကူညီမည့် နှစ်(၃၀) မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး နှစ်(၃၀)ရေရှည်စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ အမေရိကန် ဒေါ်လာသန်း (၂၀၀) ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
 
ထိုစီမံကိန်း ပထမ(၅)နှစ်အတွင်း ခန့်မှန်းချေ အမေရိကန်ဒေါ်လာ သန်း (၂၂၄၅) ကုန်ကျမည့် အပေါ် ဂျပန်နိုင်ငံမှ အထက်ပါငွေအား ကူညီပေးမည့်အပြင် ဒေါ်လာ သန်း (၅၀၀) ကိုလည်း ထုတ်ချေးပေးမည် ဖြစ်သည်။
 
သူတို့မြန်မာနိုင်ငံအတွက်ကို ၂၀၁၃ ခုနှစ်မှာ အမေရိကန် သန်းငါးရာက ချေးငွေအနေနဲ့၊ အမေရိကန်ဒေါ်လာသန်းနှစ်ရာက Grant အနေနဲ့ ပေးမှာဖြစ်ပါတယ် ဟု စည်ပင်သာယာကော်မတီ၊ မြို့ပြစီမံကိန်းဌာနခွဲမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောသည်။
 
မဟာစီမံကိန်းဗျူဟာအား လာမည့် မတ်လမှ စက်တင်ဘာလအတွင်း ပို့ဆောင်ရေးမဟာစီမံကိန်း၏ ဦးစားပေးစီမံကိန်းများ အတွက် ရှေ့ပြေးလေ့လာဆန်းစစ်ချက်များ ဆောက်ရွက်သွားမည်ဖြစ်သည်။
 
အသေးစိတ်ဒီဇိုင်းများကို ၂၀၁၄ ခုနှစ်တွင် ရေးဆွဲသွားမည်ဖြစ်ကာ တင်ဒါခေါ်ယူမှုများ ပြုလုပ် မည်ဖြစ်သည်ဟု စည်ပင်သာယာရေးကော်မတီမှ မြို့ပြစီမံကိန်းဌာနခွဲမှ လက်ထောက်ဌာနမှူး ဦးဝင်းလှိုင်ထွန်းက ပြောသည်။
 
စီမံချက်နယ်မြေများကို ရန်ကုန်မြို့နယ်နမိတ်နှင့် ဆက်စပ်လျက်ရှိသော သန်လျင်၊ ကျောက်တန်း၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်နှင့် တွံ့တေးမြို့နယ်များ၏ အစိတ်အပိုင်းများအပါအ၀င် ထပ်မံ၍ ဧရိယာ (၁၅၀၀) စတုရန်းကီလိုမီတာခန့် လျာထားပြီဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ၏ ၂၀၄၀ ခုနှစ်အတွက် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မျှော်မှန်းချက် ပထမမူကြမ်းတွင် ရန်ကုန်မြို့အား နိုင်ငံတကာ ၀င်ထွက်နိုင်သော၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော၊ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရန်နှင့် နိုင်ငံ၏ အဓိကအရေးပါသည့် ဖွံ့ဖြိုးတိုးတက်မှုဗဟိုဌာနဖြစ်သောမြို့ပြ ဖြစ်လာစေရန်အပြင် အခြားရည်ရွယ်ချက်များစွာပါဝင်ကြောင်း ဇန်နဝါရီလ (၁၈) ရက်နေ့ ကျင်းပသည့် မြို့ပြစီမံကိန်းဌာန၏ သတင်းစာရှင်းလင်းပွဲတွင် စည်ပင် ၀န်းထမ်းများက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
 
 ရန်ကုန်မြို့၏ လက်ရှိအခြေအနေမှာ လူနေအိမ်ခြေအဖြစ် (၉၀)ရာခိုင်နှုန်း အသုံးပြုနေပြီး စက်မှုကဏ္ဍမှာ (၆)ရာခိုင်နှုန်းခန့်သာ ရှိနေခြင်းကြောင့် မြို့ပြစီမံကိန်း၏ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း  စီမံကိန်းအကြံပေးပညာရှင် ဒေါက်တာကျော်လတ်က   ထောက်ပြပြောဆိုသည်။
 
တဆက်တည်းမှာပင် ၎င်းက ရန်ကုန်မြို့အနေဖြင့် ဖြစ်သင့်သည့်အခြေအနေမှာ စက်မှုကဏ္ဍသည် (၄၀) ရာခိုင်နှုန်းခန့်ဖြစ်သင့်ကြောင်းကိုလည်း အကြံပေးပြောကြားသည်။
 
အကြမ်းအားဖြင့် တစ်နှစ်ကို အလုပ်လက်မဲ့ နှစ်သောင်းလောက် ရှိနေပါတယ်။ စက်မှုကဏ္ဍ မဖွံ့ဖြိုးလို့ရှိရင် ဒီဟာကိုဘယ်တော့မှ ဖြည့်ဆည်းနိုင်မှာမဟုတ်ပါဘူး ” ဟု ဒေါက်တာကျော်လတ်က ဆက်ပြောသည်။
 
အလျှင်အမြန်ဆောင်ရွက်ရမည့်လုပ်ငန်းများအဖြစ် ယာဉ်ကြောကြပ်တည်းမှု သက်သာစေရန် အဆင့်မြင့် ရထားလမ်းများတည်ဆောက်ခြင်း၊ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာအကြား ကျဉ်းမြောင်းနေသည့် ရထားလမ်းအားတိုးချဲ့ခြင်း၊ မြို့ပတ်ရထားအချက်ပြ ဆက်သွယ်ရေးစနစ် အဆင့်မြှင့်တင်ခြင်းနှင့် ကာလတို လုပ်ငန်းအဖြစ် ပထမပိုင်းတွင် ရန်ကုန်အနောက်ဘက် ခြမ်းတစ်ဝက်အား ရထားလမ်းဆက်သွယ်ပေးခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်သည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )

No comments:

Post a Comment