Saturday, January 5, 2013

ပြည်တွင်းဖြစ်၊ မျိုးချစ်စိတ်နဲ့ Interpersonal Skills

တနေ့တုန်းက လှည်းတန်းဈေးနားက ကုန်မာပစ္စည်းရောင်းတဲ့ ဆိုင်မှာ ကျမ ရုံးခန်းအတွက် လိုအပ်တဲ့ ပစ္စည်းအချို့ ၀ယ်ဖြစ်တယ်။ ပလပ်စတစ်ဗူးလေးတွေ တွေ့တော့ ပစ္စည်းတွေထည့်သိမ်းဖို့ သတိရပြီး ၀ယ်ဖို့ စဉ်းစားမိပါတယ်။
 
ဗူးလေးတွေက  ပန်းရောင်၊ အပြာရောင်၊ အဖြူရောင် စတဲ့အရောင်အပြင် အခြား အရောင်တွေလည်း ရှိတယ်။ဒါ့အပြင်  တရုတ်ပြည်ထုတ်၊ ယိုးဒယားပြည်ထုတ်နဲ့ မြန်မာပြည်ထုတ်ဆိုပြီး သုံးမျိုး ရှိတယ်။
 
ကျမကို ဆိုင်ရှင်က မေးတယ်၊ ဘယ်အမျိုးအစားထဲက ယူမလဲတဲ့။  ကျမက မြန်မာပြည်ထုတ် ယူမယ်ဆိုတော့သူက ကျမကို ဆက်ပြောတယ်။ မြန်မာပြည်ထုတ်က နည်းနည်းဈေးပိုတယ်၊ ဈေးသက်သာတာ ကြိုက်ရင် တရုတ်ပစ္စည်းယူပါလားတဲ့။
 
ဈေးနှုန်းတွေကို ကြည့်တော့လည်း တကယ်လည်း ဈေးတွေက တရုတ်ပြည်ထုတ်က ဈေးအပေါဆုံး၊ ဈေး အသက်သာဆုံး ၊ မြန်မာပြည်ထုတ်ကတော့ တရုတ်ပစ္စည်းတွေလောက် ဈေးနိမ့်ပြီး မရောင်းနိုင်ဘူး ၊ ယိုးဒယားပစ္စည်းလောက် လည်း ဈေးမမြင့်ပါဘူး။
 
ကျမက မြန်မာပြည် ထုတ်ပဲ ယူမယ်လို့ ပြောပြတယ် ပြီးတော့ ကျမ ဆိုင်က အရောင်းဝန်ထမ်းနဲ့ ဆိုင်ရှင်တွေကို ကျမရဲ့ အယူအဆတခုကို ပြောပြတယ်။ နိုင်ငံထုတ်တွေနဲ့ ယှဉ်ပြီး ရောင်းနေတဲ့ ကုန်ပစ္စည်းတွေမှာ ကျမအနေနဲ့ကတော့ ကိုယ့်တိုင်းပြည်ထုတ်ကိုပဲ အားပေးမယ်၊ ပြည်တွင်းဖြစ်ကို အားပေးရမယ်လို့ ပြောပြဖြစ်တယ်။
 
မကြာခင်မှာ တိုင်းပြည်ထဲကို ၀င်ရောက်လာတော့မဲ့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ ရှိတယ်။ နေ့စဉ်နဲ့အမျှ စိတ်ဝင်စားစွာနဲ့ မေးမြန်းပြီး ၀င်ရောက်လာကြတဲ့ ကမ္ဘာလှည့် စီးပွားရေးလုပ်ငန်းရှင်တွေ ရှိတယ်။
 
မကြာခင်မှာ ကျမတို့ တိုင်းပြည်ထဲမှာ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ ၀င်လာတော့မယ်၊ သူတို့တွေက ငွေလည်း ပိုတတ်နိုင်ကြတယ်၊ နည်းပညာအရလည်း သာတယ်၊ နိုင်ငံတကာဈေးကွက်ထိ ထိုးဖောက်နိုင်စွမ်းလည်း ရှိတယ်။ သူတို့တွေဝင်လာရင် ပြည်တွင်းက   မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေအတွက် စိုးရိမ်စရာတွေ ရှိတယ်။
 
အဲဒီထဲကမှ ငွေမရှိ၊ အာဏာမရှိတဲ့ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းရှင်လေးတွေ အတွက်ပိုပြီး စိတ်ပူရတယ်၊ လုပ်ငန်းငယ်လေးတွေ ဖြုတ်ထွက်သွားနိုင်တယ်။  အဲဒါကြောင့် ကျမအနေနဲ့ ဈေးကွက်ထဲမှာ ပြည်တွင်းဖြစ်တွေနဲ့ ယှဉ်ပြီး ရွေးရမယ်ဆိုရင် ကျမကတော့ပြည်တွင်းဖြစ်ကိုပဲ ရွေးမယ်လို့ ပြောဖြစ်ပါတယ်။
 
ပစ္စည်းအရည်အသွေးကလည်း သိပ်မကွာဘူး၊ ဈေးနှုန်းလည်း မကွာလှဘူး ဆိုရင် လူတိုင်း လူတိုင်းဟာ ပြည်တွင်းဖြစ် ကိုပဲ ရွေးသင့်တယ်လို့ ကျမရဲ့ အယူအဆကိုလည်း ပြောဖြစ်ပါတယ်။
 
ပြည်တွင်းက လုပ်ငန်းရှင်တွေကလည်း နိုင်ငံတကာကနေ ၀င်လာကြမဲ့ သူတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားဖြစ်အောင် ခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပါပြီ၊ အချို့ကလည်း ပြင်ဆင်ထားပြီး အဆင်သင့်ရှိနေကြတာတွေလည်း တွေ့ရပါတယ်။
 
ကျမရဲ့ တဦးတည်းအမြင်ကတော့ ကျမတို့မြန်မာနိုင်ငံသားတွေ ကိုယ်ခံအားကောင်းဖို့ လိုတယ်၊ ကျမတို့တွေ အတွက် Interpersonal Skillsက အရေးကြီးလာပါပြီ။ ဆက်ဆံရေး ကောင်းဖို့ လိုလာပြီ လူတိုင်းရဲ့ စကားတွေကို နှလုံးသားနဲ့ နားထောင်ပေးဖို့ လိုတယ်လို့ ကျမ မြင်မိတယ်။ တွေ့ကြုံတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းကြမယ်။
 
နောက် ကျမတို့မြန်မာနိုင်ငံသားတွေရဲ့ အကြီးမားဆုံး အားနည်းချက်ဖြစ်တဲ့ Deadline တွေမှာ စံမမီတာတွေပါပဲ။ ကျမတို့မြန်မာနိုင်ငံသားတွေ တော်တော်များများက Deadline နဲ့ ပြီးအောင် လုပ်ဖို့ အားထုတ်မှု လိုအပ်နေတာတွေ့ရပါတယ်။
 
နယ်ပါယ်အသီးသီးမှာပါ၊ Deadline နဲ့ ပြီးအောင်လုပ်ဖို့ထက် ဘာကြောင့်မပြီးတာလဲဆိုတဲ့ ဆင်ခြေကို ပေးဖို့ အမြဲ ကြိုးစားတတ်တဲ့ အကျင့်တွေကိုလည်း ပြင်သင့်တယ်လို့ ကျမ မြင်မိတယ်။ လူတိုင်းဟာ အချိန်ပေးနိုင်ရင် အကောင်းဆုံး လုပ်နိုင်ကြပါတယ်။
 
အချိန်တိုတိုနဲ့ အကောင်းဆုံးဖြစ်အောင် လူတိုင်းမလုပ်နိုင်ကြပါဘူး။ ကျမတို့တွေ အချိန်တိုတိုနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ဖို့ ကြိုးစားကြရင် ဂျပန်နိုင်ငံက လူတွေထက်၊စင်ကာပူကလူတွေထက် ပိုထူးချွန်ကြမှာ အမှန်ပါပဲ။
 
ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချနိုင်အောင် သတင်းအချက်အလက်တွေ အပေါ်မှာ စဉ်းစား တွေးခေါ်ကြမယ်။ အချိန်ဖြုန်းတီးမှုတွေကို လျော့ချလိုက်ပြီး အချိန်တိုင်း အချိန်တိုင်း အကျိုးရှိအောင် နေကြရအောင်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment