Friday, February 22, 2013

အဖွင့်အမှာစကား၌ပင် အဝေဖန်ခံနေရသည့် တိုင်းဧရာလွှတ်တော်ဥက္ကဋ္ဌသစ်

လွှတ်တော်အမှာစကား ပထမဆုံးပြောကြားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး  လွှတ်တော်ဥက္ကဌအသစ်မှာ အဖွင့်အမှာစကား၌ပင် ပုသိမ်အခြေစိုက်နိုင်ငံရေးအဖွဲ့ အစည်းများ၏ ဝေဖန်မှုအား ခံခဲ့ရသည်။
 
ဧရာဝတီတိုင်းဒေသကြီး  လွှတ်တော်ဥက္ကဌသစ် ဦးတင်စိုးမှာ တပ်မတော်အပေါ် သစ္စာစောင့်သိ တာဝန်ထမ်းဆောင် သွားမည်ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည့်အတွက်ဝေဖန်ခံနေရခြင်းလည်းဖြစ်သည်။
 
အဆိုပါအမှာစကားတွင် ပညာတတ်များနည်းပါးသော မိဘဆွေမျိုး  အသိုင်းအ၀ိုင်းကြားတွင် အလယ်တန်းကျောင်းသား ဘ၀မှ စ၍ တက္ကသိုလ်အထိ နိုင်ငံနှင့် တပ်မတော်က ထောက်ပံ့သည့် စရိတ်များဖြင့် ပညာသင်ယူခဲ့ရပြီး ပညာတတ် တစ်ယောက်ဖြစ် လာကြောင်း၊ ထိုကျေးဇူးများကြောင့် မိမိ ဒီနေရာကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ တိုင်းပြည်နှင့် တပ်မတော်သည် ၄င်း၏ မိဘများဖြစ်ကြောင်း၊ ထို့ကြောင့် ၄င်းအနေဖြင့် ယခုရော နောင်ရော တစ်သက်လုံးတိုင်းပြည်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိစွာဖြင့် တာဝန်များကို ထမ်းဆောင်သွားမည်ဟု ပြောကြားမှုအပေါ် တွင် ဝေဖန်ထောက်ပြမှု များနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
 
လွှတ်တော်ဥက္ကဋ္ဌဆိုတာကို ပြည်သူ့ကိုယ်စားလှယ်အဖြစ်ခံယူတယ်ဆိုရင် ဒီစကားရပ်ကို ပြောဆိုဖို့ မလိုအပ်ပါဘူး သူဟာ   ပြည်သူ့ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဋ္ဌဗျ။ လွှတ်တော်ဥက္ကဋ္ဌဟာ လွှတ်တော်တစ်ရပ်လုံးကို တာဝန်ခံရမှာ ဖြစ်တယ်။ တပ်မတော်ကို တာဝန်ခံရမှာမဟုတ်ဘူး။  ဟု ပုသိမ် အမျိုးသားဒီမိုကရေစီကွန်ယက်(NDN)မှ ဦးသန်းဝင်းက ပြောသည်။
 
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးတင်စိုးကို တိုင်းလွှတ်တော်ဥက္ကဌအဖြစ် ယခုဖေဖော်ဝါရီလ (၁၄)ရက်နေ့က ကျင်းပသော တိုင်းလွှတ်တော်အရေးပေါ် အစည်းအဝေး (၁/၂၀၁၃)၌ အဆိုတင်ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။
 
မဲပေးတဲ့စနစ်နဲ့ ရွေးဖို့ မဲပုံးတွေပြင်ထားတယ် ဆိုပေမယ့် မိနစ်၂၀လောက်နဲ့ပဲ ရွေးကောက် တင်မြောက်တာ ပြီးသွားတော့ စာရင်းပေးချင်တဲ့သူရှိရင်တောင် ပေးခွင့်မရလောက်အောင် အရမ်းမြန်ပြီး၊ ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒမျိုးဆိုတာတောင် မတွေ့ခဲ့ရဘူး ဟု ဧရာဝတီ တိုင်းလွှတ်တော်မှ NLDပါတီ ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ပြောသည်။

ဦးတင်စိုးမှာ အငြိမ်းစား ဗိုလ်ချုပ်ဟောင်းတဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရကာ တိုင်းအစိုးရ ဖွဲ့စည်းချိန်ကစ၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သော်လည်း ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခံရပြီးနောက် လွှတ်တော် ဥက္ကဋ္ဌမဖြစ်မီ အချိန်အထိ ထိုတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

လစ်လပ်သွားသည့် ၄င်း၏လူမှုရေးဝန်ကြီးနေရာအား ကြံ့ခိုင်ရေးပါတီမှကန်ကြီးထောင့်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူအား ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် သမ္မတရုံးအမိန့်အမှတ် (၁၀/၂၀၁၃)ဖြင့် အစားထိုး ခန့်အပ်ခဲ့သည့်အတွက် ဒေါ်ခင်စောမူမှာ တိုင်းအစိုးရအဖွဲ့တွင် ပထမဆုံးအမျိုးသမီးဝန်ကြီး ဖြစ်လာသည်။
 
တိုင်းလွှတ်တော်ဥက္ကဌအဖြစ်ခန့်အပ်ခံရပြီး ပထမဆုံးအမှာစကားတွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုမှု နှင့်ပတ်သတ်၍ ပုသိမ်အခြေစိုက် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ လူအခွင့်အရေးကာကွယ်မြှင့်တင် သူများကွန်ယက်(HRDP)၊ လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေး ကွန်ယက်(HRWDN)နှင့် ကျောင်းသားသမဂ္ဂတို့မှလည်း ဝေဖန်ထောက်ပြပြောဆို မှုများ ပြုလုပ်ခဲ့သည်။
 
သူက စစ်တပ်ကလာတာဆိုတော့ စစ်တပ်ရဲ့ညဉ် မပျောက်နိုင်သေးတာက အားနည်းချက်တစ်ခု ဖြစ်သွားတာပေါ့။ အဲတော့ သူဘယ်လိုပြည်သူ့အတွက် အလုပ်လုပ်မလဲဆိုတာ စောင့်ကြည့်ပြီးတော့မှ သူဘယ်လိုလူလဲဆိုတာ ဆုံးဖြတ်ရမှာပါ။ လွှတ်တော်ဥက္ကဌတစ်ယောက်အနေနဲ့က ပြည်သူတွေကို ပိုပြီး သစ္စာစောင့်သိရမှာပါ ဟု ပုသိမ်အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဒေါက်တာ လှခိုင်က ပြောသည်။
 
တိုင်းလွှတ်တော်ဥက္ကဌ အဖြစ်ခန့်အပ်ခံရပြီး ပထမဆုံးအမှာ စကားတွင် ယခုကဲ့သို့ ထည့်သွင်း ပြောဆိုမှုနှင့် ပတ်သတ်ပြီး ပုသိမ်အခြေစိုက် လူအခွင့်အရေးကာကွယ် မြင့်တင်သူများကွန်ယက်(HRDP)၊ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ယက် (HRWDN)နှင့် ကျောင်းသားသမဂ္ဂတို့မှလည်း   ဝေဖန်ထောက်ပြ ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
 
သာသနာရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည့် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌဟောင်းမှာ ဦးဆန်းဆင့်ဖြစ်ပြီး ၄င်းတာဝန်ယူစဉ်ကာလ၌  လွှတ်တော်ဥက္ကဌရာထူးမှ မပြောင်းရွေ့ရေးအတွက် ဒေသခံပြည်သူများမှ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပြောင်းလဲ တာဝန် ပေးအပ်ခံခဲ့ရသည်။
 
 ဦးဆန်းဆင့်၏ လက်ထက်တွင် ပြောဆိုနိုင်ခဲ့သော ပြည်သူ့အသံသည် လွှတ်တော်အသံ ၊ပြည်သူ့ ဆန္ဒလွှတ်တော်တွင် တင်ပြဟူသော ဆောင်ပုဒ်အတိုင်း ဖြစ်ခဲ့သည့် ဧရာဝတီတိုင်းလွှတ်တော်အား ဥက္ကဌသစ်လက်ထက်တွင် မည်မျှလုပ်ဆောင်သွားနိုင်မည်ဟု စောင့်ကြည့်သွားကြရန်လိုအပ်ကြောင်း ပုသိမ်မြို့မှ နိုင်ငံရေးလေ့လာသူများက သုံးသပ်လျှက်ရှိသည်။
မျိုးမင်းထွန်း (မြစ်မခ)

No comments:

Post a Comment