Thursday, February 21, 2013
လာဘ်အရှုပ်တော်ပုံကြားမှ ဗြိတိသျှဝန်ကြီးချုပ် အိန္ဒိယသို့ ကုန်သွယ်ရေးခရီး ရောက်ရှိ
အင်ဂလိုအီတာလျံ ရဟတ်ယာဉ် ရောင်းချရေးတွင် လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံ ပေါ်ပေါက်နေသကဲ့သို့ နယူးဒေလီက ပြင်သစ်လုပ်ပြိုင်ဘက်ကို ရွေးချယ်ပြီး စီးနေပြီဖြစ်လင့်ကစား အိန္ဒိယနိုင်ငံသို့ တနင်္လာနေ့တွင် ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယူရို တိုက်လေယာဉ် ရောင်းချရေးတွင် အိန္ဒိယ၏ အကျိုးစီးပွားကို ပြန်လည် သုံးသပ်ပေးမည်ဟု ကတိပြုခဲ့သည်။ ပြင်သစ်သမ္မတ ဖရန်စွာဟော်လန်ဒေးက အိန္ဒိယသို့ ကုန်သွယ်မှုမြှင့်တင်ရန် သွားရောက်ခဲ့ပြီး ရက်အနည်းငယ်အကြာ ဒေးဗစ်ကင်မရွန်းက ဝန်ကြီးချုပ်တစ်ဦးအဖြစ် နယူးဒေလီသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။ ကြွေးနစ်နေသော ဥရောပနှစ်နိုင်ငံက စီးပွားရေး လျင်လျင်မြန်မြန် တိုးတက်နေသော အိန္ဒိယနိုင်ငံအတွင်း ဈေးကွက်ရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ ကုမ္ပဏီ ၁ဝဝ ကျော်မှ ကိုယ်စားလှယ်များ၊ ဝန်ကြီး လေးဦးနှင့် လွှတ်တော်အမတ် ကိုးဦးပါဝင်သော ကင်မရွန်းအဖွဲ့သည် ဗြိတိသျှဝန်ကြီးချုပ်နှင့်အတူ ပြည်ပသို့ လိုက်ပါကြသောအဖွဲ့များအနက် အကြီးဆုံးအဖွဲ့ ဖြစ်သည်။ သို့သော် ကင်မရွန်း၏ ခရီးစဉ်သည် သင့်လျော်သော အချိန်မဟုတ်ပေ။ ၄င်းတို့အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၇၅ဝ တန်ဖိုးရှိသည့် သြဂတ်(စ်)တာဝက်(စ်)လင်း ကုမ္ပဏီထုတ် ရဟတ်ယာဉ် တစ်ဒါဇင် ရောင်းဝယ်ရေးစာချုပ်ကို ဖျက်သိမ်းလိုကြောင်း အိန္ဒိယက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ၄င်းကုမ္ပဏီသည် အီတလီနိုင်ငံ ဖင်မီကာနီယာကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီခွဲဖြစ်၍ ယင်းအရောင်းအဝယ် ကိစ္စရပ်တွင် လာဘ်ပေးလာဘ်ယူ ရှိခဲ့ကြောင်းသတင်း ထွက်ပေါ်လျက်ရှိသည်။ ယင်းသို့သော ကိစ္စရပ်များက အရပ်ဘက်သုံး အကြီးစား စက်ယန္တရားများနှင့် အကြီးစား စစ်လက်နက်ပစ္စည်းများ ဝယ်ယူစေရန် အိန္ဒိယနိုင်ငံအား ဆွဲဆောင်ရေးမှာ ဒေးဗစ်ကင်မရွန်းကို ပိုမိုခက်ခဲစေမည်ဟု ဆိုသည်။
(ရိုက်တာ)
khitlunge

No comments:
Post a Comment