Thursday, February 28, 2013
အီဂျစ်တွင် ဓါတ်ငွေ့ဘောလုံးပျံ မီးလောင်ပေါက်ကွဲ၍ ခရီးသည် ၁၉ ဦး သေဆုံး
အီဂျစ်နိုင်ငံ၏ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့် လပ်ဆောမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက အာရှနှင့် ဥရောပတိုက်သားများ ပါဝင်သည့် ကမ္ဘာလှည့်ခရီးသွားများ လိုက်ပါစီးနင်းသော ဓါတ်ငွေ့ဘောလုံးပျံတစ်စင်း မီးလောင်ပေါက်ကွဲသဖြင့် ၁၉ ဦးသေဆုံးကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ ခရီးသည် ၂၁ ဦးတင်ဆောင်၍ အမြင့်ပေ ၁၀၀၀ အထက်တွင် ပျံသန်းနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု လုံခြုံရေး တာဝန်ရှိသူက ပြောသည်။ ဓါတ်ငွေ့ဘောလုံးပျံကို မောင်းနှင်သူနှင့် ခရီးသွားတစ်ဦးတို့သည် ဓါတ်ငွေ့ဘောလုံး မြေမထိမီ ခုန်ထွက်ခဲ့ကြောင်း၊ ယင်းတို့နှစ်ဦးကို ဆေးရုံသို့တင်ပို့ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ သေဆုံးသူများထဲတွင် ဟောင်ကောင်မှ ကိုးဦး၊ ဂျပန်လူမျိုး လေးဦး၊ ဗြိတိန်လူမျိုး သုံးဦးနှင့် ပြင်သစ်လူမျိုး နှစ်ဦးတို့ဖြစ်ပြီး ၁၉ ဦးမြောက်ခရီးသည်မှာ မည်သည့်နိုင်ငံသားဖြစ်ကြောင်း မသိရသေးကြောင်း လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရမူ ခရီးသည် ၁၄ ဦးသေဆုံးပြီး လေးဦးပျောက်ဆုံးနေကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
(ရိုက်တာ)
khitlunge

No comments:
Post a Comment