Wednesday, February 27, 2013

တယ်ရီနှင့် အချင်း များခဲ့သည့် ဆိုခြင်းကို ဘင်နီတက်ဇ် ငြင်းဆို


ချယ်လ်ဆီး အသင်း မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်က အသင်းခေါင်းဆောင် ဂျွန်တယ်ရီနှင့် အချင်း များခဲ့ကြောင်း သတင်းများကို ငြင်းဆန် သွားခဲ့သည်။
မန်ချက်စတာ စီးတီးအသင်းကို (၂-၀)ဖြင့် အရေးနိမ့်သည့် ပရီးမီးယားလိဂ် ပွဲစဉ် အပြီးတွင် ဘင်နီတက်ဇ်က အသင်းသားများကို အပြစ်တင်ခဲ့ပြီး ၎င်းတို့၏ စိတ်ဓာတ် အားနည်းမှုကြောင့် ချယ်လ်ဆီးတွင် မန်နေဂျာများစွာ စတေးခဲ့ရကြောင်း စွပ်စွဲခဲ့သည်။ ယင်းအတွက် တယ်ရီက ဘင်နီတက်ဇ် ညံ့၍သာ ချယ်လ်ဆီး ရုန်းကန်နေရခြင်း ဖြစ်ပြီး ၎င်းမတိုင်မီက အသင်းသည် ချန်ပီယံလိဂ် ဆုဖလားကိုပါ ရယူထားကြောင်း တုံ့ပြန်ခဲ့သည်ဟု သတင်းများက ရေးသား ဖော်ပြခဲ့ကြသည်။ သို့သော်လည်း စပိန်သား မန်နေဂျာကြီးက မိမိသည် တယ်ရီနှင့်ရော အခြား မည်သည့် ချယ်လ်ဆီး ကစားသမားများနှင့်ပါ ပြဿနာ မရှိကြောင်း ပြောဆိုခဲ့သည်။
"အသင်းသားတွေရယ်၊ နည်းစနစ် ဝန်ထမ်းတွေရယ်နဲ့အတူ သာမန် အစည်းအဝေးတစ်ခု လုပ်ခဲ့ရုံ သက်သက်ပါ။ ဒါက ပွဲတိုင်း ကစားပြီးရင် လုပ်လေ့ ရှိပါတယ်။ ပုံမှန်ထက် ဘာမှ မထူးခြားပါဘူး။ ကိုယ်က ရှုံးပွဲကြုံရင် စိတ်ပျက်ကြောင်း ပြောတယ်။ ဒါကလည်း ပုံမှန်ပဲလေ။ တယ်ရီ စိတ်အနှောင့်အယှက် ဖြစ်နေတာ ကျွန်တော် နားလည်ပါတယ်။ သူဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်ပါ။ သူက အနိုင်လိုချင်တဲ့သူ။ ဒါပေမဲ့ အဲဒီပွဲမှာ ဝင်မကစားခဲ့ရဘူး။ ကျွန်တော့်ဘက်က အမြင်ကလည်း ရှင်းပါတယ်။ တယ်ရီဟာ ဒဏ်ရာကြောင့် (၁၆)ပတ်လောက် မကစားနိုင်ခဲ့ဘူး။ လေ့ကျင့်ရေး အစီအစဉ်တွေ အများကြီးနဲ့ လွဲထားတယ်။ ဒါပါပဲ"ဟု ဘင်နီတက်ဇ်က ပြောဆိုခဲ့သည်။

၎င်းက အသင်းသားများနှင့် အမြင်မကြည် ဖြစ်နေသည် ဆိုခြင်းကိုလည်း ပယ်ချသွားသည်။ "အသင်းရဲ့ လက်ရှိ အတွင်းရေး ပေါင်းသင်းဆက်ဆံမှုက အကောင်းဆုံးမှာ ရှိနေပါတယ်။ ကျွန်တော့်မှာ ဘာပြဿနာမှ မရှိဘူး"ဟုလည်း ဘင်နီတက်ဇ်က ဖြေရှင်းသွားခဲ့သည်။
Ref: Goal
soccer myanmar

No comments:

Post a Comment