Friday, March 29, 2013

ဒဏ်ရာ အကင်းသေကာစတွင် ဘယ်လ်ဂျီယံအတွက် ကစားခဲ့သည့် ကွမ်ပနီအား မန်စီနီဝေဖန်


မန်ချက်စတာ စီးတီး အသင်းမန်နေဂျာ ရောဘတ်တို မန်စီနီက အသင်းခေါင်းဆောင် ဗင်းဆင့် ကွမ်ပနီကို လက်ရွေးစင် အသင်း၌ ပါဝင် ကစားမှုအတွက် ဝေဖန်ပြောဆိုလိုက်သည်။
မန်စီးတီး ခံစစ်မှူး ကွမ်ပနီသည် လပိုင်းမျှ အသင်းအတွက် မကစားပေးနိုင်ဘဲ ရှိနေခဲ့သော်လည်း ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းက ၎င်းကို ရွေးချယ်ခဲ့သည်။ ထို့အပြင် မက်စီဒိုးနီးယားနှင့် ပွဲစဉ်တွင် မိနစ်(၉၀)ပြည့် ပါဝင် ယှဉ်ပြိုင်စေခဲ့ပြန်ရာ ယင်းအခြေအနေကို အီတလီသား မန်နေဂျာကြီးက ဒေါသထွက်နေခြင်း ဖြစ်သည်။ ကွမ်ပနီသည် ဇန်နဝါရီ လကုန်ပိုင်းကတည်းက မန်စီးတီးအတွက် တစ်ပွဲမျှ မကစားနိုင်ဘဲ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်သည်။
မန်စီနီက "ကျွန်တော် ကွမ်ပနီကို ပြောခဲ့တယ်။ ဒီမှာပဲနေဖို့ပါ။ ဒါမှ ပိုပြီး ထိရောက်တဲ့ ကုသမှုမျိုး လုပ်နိုင်မှာလေ။ လက်ရွေးစင် အသင်းကို သွားမကစားဖို့ ကျွန်တော် တားခဲ့တယ်။ တကယ်တမ်းက အဲဒီအခြေအနေဟာ အရဲကိုးလွန်းလို့ ဖြစ်ပါတယ်။ လာမယ့်လက်ကျန် (၂)လက အရမ်း အရေးကြီးနေပြီလေ"ဟု ဆိုသည်။ ၎င်းက "ကျွန်တော် ကွမ်ပနီကို (၂)ပတ်လောက် ထောင်ထဲ ထည့်မထားနိုင်ဘူးလေ။ အိုကေ။ သူအဲဒီကို သွားတယ်။ ပြီးတော့ လက်ရွေးစင် အသင်းမှာ ကြံ့ခိုင်မှု စမ်းသပ်ချက် ခံယူတယ်။ ပြီးရင် သူပြန်လာသင့်တယ်။ ဒါဟာ သူ့အတွက် အရမ်းအရေးကြီးပါတယ်။ သူဟာ ရက်ပေါင်း (၆၀)လောက် မကစားဘဲ ရှိနေခဲ့သူပါ။ သူ့ကို တစ်ရက်၊ နှစ်ရက်လောက်မှာ ပြန်လာဖို့ ကျွန်တော် မျှော်လင့်ခဲ့တယ်။ ကျွန်တော်ကတော့ ကစားသမား တချို့ဟာ ကလပ်ကို ပိုအလေးထားဖို့ အတွေးအခေါ် ရှိစေချင်ပါတယ်"ဟု ဝေဖန်သွားသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment