Monday, March 25, 2013

ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်အားလုံးနီးပါးရှိ ဆိုင်များကို ည ၉ နာရီ နောက်ဆုံးထားပိတ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း သိရ


ည ၉ နာရီနောက်ဆုံးထားပြီး ဆိုင်များပိတ်သိမ်းရန် ညွှန်ကြားခဲ့သော မြို့နယ်များမှာ ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်အားလုံးနီးပါး ပါဝင်ကြောင်းနှင့် အခြားခရိုင်များမှ မြို့နယ် အနည်းငယ်စီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ပြောသည်။

"အနောက်ပိုင်းခရိုင်က အားလုံးနီးပါး ပါတယ်၊ ကျန်တဲ့ ခရိုင်တွေကတော့ မြို့နယ် အနည်းငယ်စီပဲ ပါတယ်၊ ပိတ်ခိုင်းရတဲ့ အကြောင်းကတော့ ရှင်းပါတယ်၊ တစ်ချို့က အရက်သောက်ပြီးရင် ကို့ယို့ကားယားနဲ့ အော်ချင်ရာတွေ အော်ကြတော့ လူတွေက လန့်ကြတယ်၊ အနောက်ပိုင်း ခရိုင်ကတော့ ဆိုင်တွေများတဲ့အတွက် အကုန်နီးပါး ပိတ်ခိုင်းလိုက်တာ၊ အဓိကကတော့ အရက်ဆိုင်တွေ ကာရာအိုကေ ဆိုင်တွေပေါ့၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် ဒေသန္တရအမိန့် ထုတ်ခိုင်းလိုက်တာပါ" ဟု ပြောသည်။

ရန်ကုန် အနောက်ပိုင်းခရိုင်တွင် မြို့နယ် ၁၄ မြို့နယ် ပါဝင်ပြီး အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဆိပ်ကမ်းမြို့နယ် စသည့် မြို့နယ်များ ပါဝင်ကြောင်း သိရသည်။

ယခုအချိန်အထိ ရရှိထားသော သတင်းများအရ ဒေသန္တရအမိန့် ထုတ်ပြန်ထားသည့် အခြားခရိုင်များတွင် ပါဝင်သော မြို့နယ်များမှာ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ သာကေတမြို့နယ်၊ တာမွေမြို့နယ် စသည့် မြို့နယ်များ ပါဝင်ကြောင်း သိရသည်။

EMG

No comments:

Post a Comment