Tuesday, March 19, 2013
ကက်စ်ပီယံပင်လယ်အတွင်း ဖျက်သင်္ဘောတစ်စင်းကို အီရန်ရေချ
အီရန်နိုင်ငံသည် ကက်စ်ပီယံ ပင်လယ်အတွင်းသို့ ပြည်တွင်း၌ ထုတ်လုပ်သော ဖျက်သင်္ဘောတစ်စင်းကို ပထမဆုံးအကြိမ်အဖြစ် မတ် ၁၇ ရက်တွင် ရေချခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းမှ ကြေညာသည်။ မြို့တော်တီဟီရန်၏ အနောက်မြောက်ဘက် မိုင် ၁၅ဝ အကွာတွင် ရှိသည့် အန်ဇာလီဆိပ်ကမ်း၌ ဂျာမာရမ်-၂ အမည်ရှိ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော ဖျက်သင်္ဘောကို သမ္မတ မာမွတ်အာမာဒီနီဂျက်က ဖွင့်လှစ်ပေးသည်။ ဒေသတွင်း ချစ်ခင်ရင်းနှီးမှုနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ ဤသို့ စစ်သင်္ဘောကို တာဝန်ချထားခြင်းဖြစ်သည်ဟု သမ္မတက ပြောကြားသည်။ ပတ်ဝန်းကျင် နိုင်ငံများ၏ လုံခြုံရေးကို ထိပါးရန် အလိုရှိကြသူတို့အား ရင်ဆိုင်ရန်ဖြစ်ကြောင်း ပြော၍ အသေးစိတ်ကိုမူ တိတိကျကျ ပြောကြားခြင်း မပြုပေ။ ကက်စ်ပီယံ ကမ်းခြေနိုင်ငံများဖြစ်ကြသည့် အီရန်၊ ရုရှား၊ အဇာဘိုင်ဂျန်၊ ကာဇက်စတန်နှင့် တာ့စ်မင်နစ္စတန် တို့အကြား ရေပြင်ပိုင်နက် ခွဲဝေမှုအပေါ် အငြင်းပွားလျက်ရှိသည်။ ဂျာမာရမ်-၂ ကို နောက်ဆုံးအကြိမ် စမ်းသပ်ပြီးနောက် လာမည့်လအတွင်း ကက်စ်ပီယံ ပင်လယ်အတွင်းရှိ အီရန် ရေတပ်ဖွဲ့တွင် တာဝန်အပ်နှင်းမည်ဖြစ်သည်။ တန်ချိန် ၁၄ဝဝ ရှိပြီး ၉၄ မီတာ ရှည်လျားကာ တစ်နာရီ ရေမိုင် ၃ဝ မောင်းနှင်နိုင်သော ယင်းသင်္ဘောပေါ်တွင် ရဟတ်ယာဉ်ကွင်း တစ်ကွင်းပါရှိ၍ ရေပြင်မှရေပြင်ပစ်နှင့် ရေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ လေယာဉ်ပစ်အမြောက်များ တပ်ဆင်ထားသည့်အပြင် ခေတ်မီရေဒါနှင့် ဆက်သွယ်ရေး ကိရိယာများ တပ်ဆင်ထားကြောင်း ရုပ်သံသတင်းတွင် ဖော်ပြသည်။
(အေပီ)
khitlunge

No comments:
Post a Comment