Saturday, March 16, 2013

စွန့်ထုတ်ရည်ထွက်စက်ရုံများအား စစ်ဆေး၍ လိုင်စင်သိမ်းသည်အထိ အရေးယူတော့မည်

လာမည့်ဧပြီလဆန်းမှစ၍  ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်ရှိ စက်ရုံအားလုံးကို စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်စံညွှန်းနှင့် မကိုက်ညီသော စွန့်ထုတ်အရည် ထွက်နေသေးသည့် စက်ရုံများကို အရေးယူသွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ   ဒေါက်တာ အောင်မြင့်မော် က ပြောပြသည်။
 
စွန့်ထုတ်ရည် သန့်စင်စနစ်တွေကို (Waste Water Treatment Plant) မတ်လ ၃၀ ရက်နေ့ အပြီးဆောက် ရမယ်လို့ကြေငြာထားပြီးသားပါ၊ နောက်လမှာ စစ်ဆေးရေး အဖွဲ့တွေနဲ့ စစ်ဆေးမယ်၊ စံညွှန်းနှင့် မကိုက်ညီရင် လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်ကိုသိမ်းမယ် ဟု ဒေါက်တာအောင်မြင့်မော်က ပြောသည်။

ထိုသို့ စစ်ဆေးအရေးယူရာတွင် လုပ်ငန်းလိုင်စင်ပိတ်သည့် ပြစ်ဒဏ်အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ အတိုင်း တရားစွဲ အရေးယူမှုများ ပြုလုပ်မည်ဟု သိရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေမူကြမ်းအား   ၂၀၁၂ မတ်လ ၃၀ ရက်နေ့တွင် ပြဌာန်းခဲ့သည်။
 
Simple ယူတဲ့နေရာမှာ စက်ရုံက အညစ်အကြေး အမြင့်ဆုံးထုတ်ပစ်ချိန် ဆိုတာမျိုးရှိတယ်၊ အဲဒီအချိန်မှာ ယူဖို့လိုတယ်၊ စက်ရုံက စွန့်ပစ်တဲ့အရည်ကို အမှန်တကယ်စစ်ပြီး စွန့်ထုတ်ရည် သန့်စင်စက်တွေကို ဒီဇိုင်း သေချာထုတ်ပြီး နည်းလမ်းမှန်မှန်ဆောက်လုပ်ထားဖို့တော့ လိုတယ် ဟု ဒေါက်တာအောင်မြင့်မော် က ပြောသည်။
 
စက်ရုံထွက် စွန့်ထုတ်အရည်များကို စစ်ဆေးရာတွင် အရှေ့တောင်အာရှနိုင်ငံများ၌ အသုံးပြုနေသော စွန့်ထုတ်ရည် သတ်မှတ်စံနှုန်း (ASEAN Standard for Waste Water) နှင့်အညီ စစ်ဆေးသွားမည်ဖြစ်ပြီး ဆောက်လုပ်ရာတွင် မြို့တော်စည်ပင်မှ အကြံဥာဏ်များအား အခမဲ့ရယူနိုင်သလို ပြင်ပမှ ပညာရှင်များနှင့်လည်း တိုင်ပင်ဆောက်လုပ်ခွင့် ပေး ထားကြောင်း သိရသည်။
 
ရေဆိုးထုတ်လွှတ်မှုကြောင့် အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ထဲမှာ နိုက်ထရိုဂျင်ပါဝင်မှုနှုန်းမြင့်ပြီး အဆိပ်သင့်သေဆုံးမှု အများအပြား ရှိခဲ့ဖူးတယ်။ ရေထုညစ်ညမ်းမှုကြောင့် အာရှတိုက်မှာ နှစ်စဉ် လူဦးရေ ၅ သိန်း သေဆုံးလျက်ရှိပြီး ကမ္ဘာမှာ နှစ်စဉ် လူဦးရေ  ၁.၁ ဘီလျံ ဆုံးရှုံးနေရတယ်၊ ဒီလုပ်ငန်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၆၀ လောက် ကတည်းက   လုပ်ရမှာပါ။ အခုလုပ်တာနောက်ကျနေပေမဲ့ အထိုက်အလျောက်တော့ လျှော့နည်းသွားမယ် ထင်တယ်၊ ဒီလို စီမံကိန်း ချမှတ်ဆောင်ရွက် သူတွေ ၊ ပါဝင်ဆောင်ရွက်နေသူတွေကို ကျေးဇူးတင်ပါတယ် ဟု ပါမောက္ခ ဒေါက်တာ ဒေါ်စိန်စိန်သိန်း က ပြောသည်။
 
လှိုင်သာယာနှင့် တောင်ဒဂုံစက်မှုဇုန်ရှိ စက်ရုံများမှထွက်သည့် စွန့်ပစ်ပစ္စည်းများကြောင့် ရေထဲတွင် ဓါတုဗေဒ စွန့်ပစ် ပစ္စည်းပါဝင်မှုနှုန်းမှာ  ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက သတ်မှတ်ထားသည့် ပမာဏထက် ပိုများနေကြာင်း (၄၁) ကြိမ်မြောက် ဆေးသုတေသန ညီလာခံတွင် စာတမ်းတင်သွင်းခဲ့ကြောင်း သိရသည်။
 
လှိုင်မြစ်ရေကို WHO၏ အကူအညီယူ၍ စစ်ဆေးသွားမည် ဖြစ်ကြောင်းကိုလည်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြည်တွင်း မီဒီယာတစ်ခုသို့ ပြောကြားထားသည်။
 
ရန်ကုန်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ အရှေ့ပိုင်းခရိုင်တွင်စက်ရုံပေါင်း(၂၂၁၉)ရုံ၊တောင်ပိုင်းခရိုင်တွင် (၁၁၅)ရုံ၊ မြောက်ပိုင်းခရိုင်တွင်(၁၁၆၁)ရုံ၊အနောက်ပိုင်းခရိုင်တွင် စက်ရုံမရှိကြောင်းသိရှိသည်။
 
စက်ရုံများ၌ စွန့်ထုတ်ရည် ထွက်သည့် စက်ရုံ နှင့် စွန့်ထုတ်ရည်မထွက်သည့် စက်ရုံဟူ၍ စက်ရုံအမျိုးအစား(၂)မျိုး ရှိကြောင်း သိရသည်။
လွင်ထူးကို-(မြစ်မခ) 

No comments:

Post a Comment