Saturday, March 30, 2013

ကမ္ဘာ့အမြင့်ဆုံး ဆည်တမံတည်ဆောက်ရေးစီမံကိန်း အီရန်သမ္မတ ဖွင့်လှစ်ပေး


အီရန်သမ္မတ မာမွတ်အာမက်ဒီနီဂျက်သည် နိုင်ငံအနောက်ပိုင်း လိုရီစတန်ပြည်နယ်တွင် ကမ္ဘာ့အမြင့်ဆုံး ကွန်ကရစ် ဆည်တမံ တည်ဆောက်မည့် ပင်မဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း မတ် ၂၉ ရက်က ပရက်စ်တီဗွီ သတင်းတွင် ဖော်ပြသည်။ အီရန်ကျွမ်းကျင်ပညာရှင်များနှင့် ဆောက်လုပ်ရေး အလုပ်သမားများ၏ စွမ်းအားဖြင့် တည်ဆောက်မည့် အဆိုပါ ကွန်ကရစ်ဆည်တမံ စီမံကိန်းစတင်မှုအပေါ်  ၀မ်းမြောက်မိကြောင်း ခိုရမ်မာဘတ်မြို့တွင် မတ် ၂၈ ရက်က ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားတွင် အီရန်သမ္မတက ဖွင့်ဟပြောကြားခဲ့သည်။ ၃၁၅ မီတာ (၁၀၃၃ ပေ)မြင့်သော ယင်းဆည်တမံကို လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀၀ ထုတ်လုပ်ပေးမည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် အတွက် တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကမ္ဘာ့အမြင့်ဆုံး ကွန်ကရစ် ဆည်တမံကို အီရန်ကျွမ်းကျင်သိပ္ပံပညာရှင်များနှင့် ကျွမ်းကျင်အလုပ်သမား အင်အားများဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။ ယင်းဆည်တမံကို လိုရီစတာပြည်နယ်ရှိ ဘတ်ခ်ျတာရီမြစ်၏ အထက်ဘက်တွင် တည်ဆောက်မည်ဖြစ်သည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

Post a Comment