Friday, April 5, 2013
လက်ဘနွန်ပိုင်နက်နယ်မြေအတွင်းသို့ ဆီးရီးယားရဟတ်ယာဉ်က ဒုံးကျည်ဖြင့် ပစ်ခတ်
လက်ဘနွန်နိုင်ငံ အတွင်းရှိ ထောင်ပေါင်းများစွာသော ဆီးရီးယား ဒုက္ခသည်များ ခိုလှုံရာ မြို့တစ်မြို့သို့ ဆီးရီးယား စစ်ရဟတ်ယာဉ် တစ်စင်းက ဝင်ရောက်ပျံသန်းကာ ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း လက်ဘနွန် သတင်းများ၌ ဖော်ပြသည်။ ဆီးရီးယားနယ်စပ်နှင့် နီးကပ်စွာ တည်ရှိသော အာဆယ်မြို့၏ ဆင်ခြေဖုံးတွင် ဖြစ်ပွားခဲ့သော ယင်းပစ်ခတ်မှုကြောင့် အပျက်အစီးနှင့် လူသေဆုံးမှုများ မရှိကြောင်း သတင်းတွင် ဖော်ပြသည်။ ဆီးရီးယားတပ်ဖွဲ့များသည် လက်ဘနွန်နိုင်ငံအတွင်းရှိ ၄င်းအား ပုန်ကန်သူများအား စိန်ပြောင်းများဖြင့် နယ်စပ်ကို ဖြတ်ကျော်ပစ်ခတ်မှုများ ယခင်ကလည်း ပြုလုပ်ခဲ့ဖူးသည်။ ယင်းသို့သော လေကြောင်း တိုက်ခိုက်မှုမျိုးသည် လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်စိုးမှုကို ချိုးဖောက်ခြင်းဖြစ်၍ လုံးဝလက်ခံမည် မဟုတ်ကြောင်း လွန်ခဲ့သောလကပင် လက်ဘနွန် သမ္မတက ပြောကြားခဲ့သည်။ ဆီးရီးယား ရဟတ်ယာဉ်မှ ပစ်ခတ်လိုက်သော ဒုံးကျည်နှစ်စင်းသည် အဆိုပါမြို့၏ လူနေရပ်ကွက်အတွင်းသို့ ကျရောက်ခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရခြင်းမရှိဟု အာဆယ်မြို့၏ ဒုတိယမြို့တော်ဝန် အာမက်ဖလီလီက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။ ဒုံးကျည်ပစ်ခံရသော နေရာသည် လက်ဘနွန် ကြည်းတပ်၏ စစ်ဆေးရေးဂိတ်နှင့် မီတာ ၁ဝဝ ခန့်သာ ကွာဝေးသည်ဟု ဆိုသည်။ (အင်တာနက်)
khitlunge

No comments:
Post a Comment