Thursday, April 4, 2013

ဒီဘရိုင်နီ၏ အနာဂတ် ချယ်လ်ဆီးတွင် ရှိနေဆဲဟု အေးဂျင့် ပြောကြား


ကီဗင်ဒီဘရိုင်နီကို လာမည့်ရာသီ ချယ်လ်ဆီး အသင်း လူစာရင်းတွင် ထည့်သွင်း အသုံးပြုသွားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အသက်(၂၁)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် လူငယ် တောင်ပံသမားကို ချယ်လ်ဆီးက ဝယ်ယူပြီးနောက် ၎င်း၏ အသင်းဟောင်း ဂျန့်ခ်တွင် အငှားချခဲ့သလို ယခုရာသီ အစကတည်းကလည်း ဂျာမန်ကလပ် ဝါဒါဘရီမင် အသင်းသို့ နောက်ထပ် အငှားပို့ဆောင်ခဲ့သည်။ အစောပိုင်းက ဘရိုင်နီကိုယ်တိုင် မိမိ၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျ အနာဂတ်ကို အတပ် မပြောနိုင်သေးဟု ဝန်ခံခဲ့ဖူးသော်လည်း ယခုအခါ ၎င်း၏ အေးဂျင့်က လာမည့်ရာသီ ချယ်လ်ဆီး ပထမ လူစာရင်းတွင် မိမိ၏ ကစားသမား ပါဝင်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
ဒီဘရိုင်နီ၏ အေးဂျင့် ပက်ထရစ် ဒီကော့စတာက အနောက်လန်ဒန် အခြေစိုက် ကလပ်အသင်းသည် ဒီဘရိုင်နီကို အသင်းတွင် ရှိနေရန် လိုလားကြောင်းနှင့် ဘရီမင်အပြင် ဘိုရပ်ရှားဒေါ့တ်မန်နှင့် ဘေယာလေဗာကူဆင်တို့ ကဲ့သို့သော ဂျာမန်ကလပ်များက အပြတ်ဝယ်ယူရန် စိတ်ဝင်စားနေသည့်တိုင် ယင်းကို ပယ်ချသွားဖွယ် ရှိနေကြောင်း မှတ်ချက်ပြုခဲ့သည်။ ဒီကော့စတာက "ကျွန်တော်တို့ ချယ်လ်ဆီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ရလဒ်က သိပ်ကောင်းတယ်။ သူတို့က ဒီဘရိုင်နီရဲ့ တိုးတက်မှုတွေကို ကျေနပ်နေတယ်။ သူဟာ ချယ်လ်ဆီး ပထမအသင်းမှာ ပါဝင်နိုင်ဖို့ အလားအလာ အသင့်ရှိနေပါပြီ"ဟု ပြောဆိုခဲ့သည်။
၎င်းက "ပြဿနာဆိုလို့ တစ်ခုပဲ ရှိတယ်။ နောက်နှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးရဲ့ မန်နေဂျာသစ်က ဘယ်သူလဲ။ သူကရော ဒီဘရိုင်နီကို ဘယ်လို သဘောထားသလဲ ဆိုတာပါပဲ"ဟုလည်း ဖွင့်ဟသွားသည်။
Ref: Sky Sports
soccermyanmar

No comments:

Post a Comment