Monday, April 29, 2013

အင်္ဂါဂြိုဟ် အခြေချ အိမ်ရာ စီမံကိန်း အတွက် တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထား

အင်္ဂါဂြိုဟ်ပေါ်တွင် အခြေချအိမ်ရာ တည်ဆောက်ရန် စီမံကိန်း အတွက် လျှောက်လွှာများကို စတင် လက်ခံခဲ့ရာ ပထမ ၇၂ နာရီ အတွင်း တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။
The Mars One အမည်ရှိ အဆိုပါ စီမံကိန်းကို အကျိုးအမြတ် မလိုလားသော နယ်သာလန် အဖွဲ့အစည်း တစ်ခုက စတင်လုပ်ဆောင်ခဲ့ပြီး ၂ဝ၂၃ ခုနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူသား လေးဦးကို သယ်ဆောင် သွားရန် စီစဉ်လျက် ရှိသည်။
ဧပြီ ၂၂ ရက်မှ စတင်၍ ပထမ သုံးရက်အတွင်း ကမ္ဘာတစ်ဝန်းမှ ပြည်သူ ၂ဝဝဝဝ ခန့်သည် အွန်လိုင်းမှ တစ်ဆင့် လျှောက်လွှာများကို တင်သွင်းခဲ့ပြီး စီမံကိန်း တည်ထောင်သူက ယေဘုယျအားဖြင့် လူပေါင်း ၅ဝဝဝဝဝ ခန့်ကို ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
၎င်းတို့၏ အိပ်မက်စိတ်ကူး ဖြစ်သော အဆိုပါစီမံကိန်းကို အမှန်တကယ် အကောင် အထည် ဖော်ဆောင် နိုင်မည်ဟု ယုံကြည်ကြောင်း The Mars One စီမံကိန်း ပူးတွဲ တည်ထောင်သူ ဘက်စ်လန်ဒ်ဒေါ့ပ် က ပြောကြားသည်။
အခြေချ နေထိုင်မည့်သူ ၂၄ ဦးမှ ၄ဝ ဦး အထိကို အရည်အသွေး ပြည့်မီသော သင်တန်းပေးမှုများ အပြည့် အဝ ပေးအပ်ပြီးနောက်မဲခွဲ၍ ပထမဆုံးအခြေချ နေထိုင်သူများကို ရွေးချယ် သွားမည် ဖြစ်ကြောင်း လန်ဒ်ဒေါ့ပ် က ပြောကြားသည်။ ယင်း အခြေချ နေထိုင်သူများသည် ကွဲပြား ခြား နားသော ပတ်ဝန်းကျင်တွင် ခုနစ်နှစ်ကျော် ကြာ နေထိုင်ရန် အတွက် သုံးလ ကြာမြင့်မည့် သင်တန်းကို တက်ရောက်ရမည် ဖြစ်သည်။
Myawaddy

No comments:

Post a Comment