Thursday, April 11, 2013

၂၀၁၄ ဗဟိုအစိုးရ အသုံးစရိတ် အိုဘားမား အဆိုပြု

၂၀၁၄ ဗဟိုအစိုးရ အသုံးစရိတ် အိုဘားမား အဆိုပြု (၁၀ ဧပြီ ၂၀၁၃)

၂၀၁၄ ခုနှစ် အမေရိကန် အစိုးရအသုံးစရိတ်အတွက် သမ္မတ အိုဘားမား အဆိုပြုထားတဲ့ ဒေါ်လာ ၃ ဒဿမ ၇၇ ထရီလီယံဟာ အလယ်အလတ် လူတန်းစားတွေ အလုပ်အကိုင်ရဖို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံပြင်ဆင်ထားတဲ့ ဘဏ္ဍာရေး မူကြမ်းဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
 
ဒီအသုံးစရိတ်ထဲမှာ လူမှုအထောက်အပံ့ပေးရေး အစီအစဉ်တွေကိုလည်း ထည့်သွင်းထားသလို၊ ကော်ပိုရေးရှင်းကြီးတွေနဲ့ ချမ်းသာသူတွေအတွက် အခွန်အတုတ် အပြောင်းအလဲကိုလည်း ထည့်သွင်း ထိန်းညှိထားတယ်လို့ သမ္မတ အိုဘားမားက သမ္မတအိမ်ဖြူတော်မှာ မနေ့တုန်းက ပြောပါတယ်။
 

နိုင်ငံရဲ့ လိုငွေပြနေမှုတွေကို လျှော့ချနိုင်ဖို့ အသေအချာ အလေးအနက် ထားမယ်ဆိုရင်တော့၊ ချမ်းသာသူတွေ ကော်ပိုရေးရှင်းကြီးတွေအနေနဲ့ အမေရိကန်အများစု ခံစားခွင့်မရတဲ့ သူတို့အတွက် အထူးခံစားခွင့်တွေနဲ့ အကျိုးအမြတ် ခံစားခွင့်တွေကို ဆက်ပေးလို့ မဖြစ်ဘူးဆိုတာကိုလည်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောသွားပါတယ်။

အခု အသုံးစရိတ် အဆိုပြုချက်ကိုတော့ လွှတ်တော်မှာ ပါတီနှစ်ရပ်စလုံးက အမတ်တွေ ကျေနပ်မှုတော့ မရှိပါဘူး။ ဒီအစိုးရအသုံးစရိတ် အဆိုပြုချက်ဟာ အကောင်းဆုံးတော့ မဟုတ်ပေမဲ့၊ ဒါဟာ အပြန်အလှန် အလျှော့ပေး ညှိနှိုင်းထားတာ ဖြစ်တယ်ဆို တာကိုတော့ သမ္မတ အိုဘားမား က ပြောခဲ့ပါတယ်။

အစိုးရအသုံးစရိတ်မှာတော့ လာမယ့် ဆယ်စုနှစ်အတွင်းမှာ လိုငွေပြနေတာ ဒေါ်လာ ၂ ထရီလီယံနီးပါး လျော့သွားဖို့ သမ္မတ အိုဘားမား က ရည်မှန်းထားပါတယ်။ အခွန်အတုတ် ကိစ္စမှာတော့ တနှစ် တနှစ်ကို ဒေါ်လာ တသန်းကျော် ၀င်ငွေရှိသူတွေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့လည်း ပါဝင်ပါတယ်။ 
VOA

No comments:

Post a Comment