Thursday, April 11, 2013
မာလီမှ ပြင်သစ်တပ်များ စတင်ရုပ်သိမ်းပြီ
ပြင်သစ်နိုင်ငံသည် မာလီနိုင်ငံမှ ၄င်း၏ တပ်ဖွဲ့များကို စတင်ရုပ်သိမ်းနေပြီဖြစ်ကြောင်း စစ်ဘက်က အင်္ဂါနေ့တွင် ပြောကြားသည်။ တပ်ဖွဲ့ဝင် ၁ဝဝ ခန့် ပါဝင်သော ပထမဆုံးအုပ်စုသည် မတ်လကုန်တွင် မာလီနိုင်ငံမှ ထွက်ခွာသွားပြီးဖြစ်သည်။ နိုင်ငံ၏ အရှေ့မြောက်ပိုင်း တက်(စ်)ဆာလစ်မှ တပ်ဖွဲ့ဝင် ၁ဝဝ နီးပါးသည် အိုင်ဗရီကို့(စ်)နိုင်ငံ အေဗစ်ဂျန်သို့ လွန်ခဲ့သည့် သီတင်းပတ်က ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးက ဒီပီအေကို ပြောကြားသည်။ ၄င်းတို့သည် လေထီးတပ်ဖွဲ့မှဖြစ်သည်။ ယင်းတပ်ဖွဲ့က အယ်လ်ဂျီးရီးယား နယ်စပ်အနီး တောင်ကုန်းတောင်တန်းများပေါ်၌ ခိုအောင်းနေကြသော အစ္စလာမ္မစ် သူပုန်များကို လိုက်လံချေမှုန်းနေသည့် တပ်ဖွဲ့ဖြစ်သည်။ အိုင်ဗရီကို့(စ်)၌ ရောက်ရှိနေသော ၄င်းတပ်ဖွဲ့ကို ဆိုက်ပရပ်စ်နိုင်ငံသို့ ပို့ဆောင်၍ အနားယူ အားဖြည့်စေပြီး ယင်းနောက်မှ ပြင်သစ်နိုင်ငံသို့ ပြန်ခေါ်ယူမည်ဖြစ်သည်။ အစ္စလာမ္မစ်သူပုန်များသည် နိုင်ငံမြောက်ပိုင်းကိုသိမ်း၍ မြို့တော် ဘာမာကိုသို့ ချီတက်လာခြင်းကို ရပ်တန့်သွားစေရန် ပြင်သစ် တပ်ဖွဲ့များက မြေပြင်မှလည်းကောင်း၊ ဝေဟင်မှလည်းကောင်း သုံးလကြာ ထိုးစစ်ဆင်ပြီးနောက် ဧပြီလကုန်တွင် ၄င်းတို့၏ တပ်များကို ပြန်လည်ရုပ်သိမ်းမည်ဟု ပြင်သစ်က ကြေညာခဲ့ပြီးဖြစ်သည်။ မာလီသို့ ပြင်သစ်တပ်ဖွဲ့ ၄ဝဝဝ အထိ ရောက်ရှိလာပြီး အာဖရိက တပ်များနှင့် ပူးပေါင်း၍ အယ်လ်ခိုင်ဒါနှင့် ဆက်နွှယ်သော သူပုန်များကို ယင်းနိုင်ငံမှ မောင်းထုတ်ခဲ့ကြသည်။
(ဒီပီအေ)
khitlunge

No comments:
Post a Comment