Saturday, April 6, 2013
အမေရိကန်နှင့် လက်ဦးမှုရယူမည့် နျူကလီးယားစစ်ပွဲ အချိန်မရွေးစတင်လာနိုင်ဟု မြောက်ကိုရီးယားပြော
နှစ်နိုင်ငံအကြား တင်းမာမှုများ ဆက်လက် မြင့်မားလာမှုကြောင့် မြောက်ကိုရီးယားက အမေရိကန်နိုင်ငံကို လက်ဦးမှုရယူမည့် နျူကလီးယားစစ်ပွဲတစ်ခု မည်သည့် အချိန်မဆို စတင် လာနိုင်ကြောင်း မြောက်ကိုရီးယားက ပြောကြားသည်။ အမေရိကန်နိုင်ငံသည် လတ်တလော အခြေအနေအရ မြောက်ကိုရီးနိုင်ငံအပေါ် အထူးအာရုံစိုက်နေပြီး နျူကလီးယားစစ်ပွဲ ဖြစ်ပွားရန် အလျင်အမြန် ချဉ်းကပ်လာပြီဖြစ်ကြောင်း မြောက်ကိုရီးယား ပြည်သူ့တပ်မတော် (ကေပီအေ)မှ စစ်ဦးစီးအရာရှိက ဧပြီ ၄ ရက်တွင် ထုတ်ပြန်ချက် တစ်ရပ်၌ ပြောကြားသည်။ ယင်းစစ်ပွဲသည် ဒီနေ့ သို့မဟုတ် မနက်ဖန် ဖြစ်ပွားနိုင်သည်ဟုလည်း ၄င်းက ယင်းထုတ်ပြန်ချက်တွင် ထပ်လောင်း ပြောကြားသွားသည်။ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ဂူအမ်ကျွန်းသို့ အဆင့်မြင့် ပဲ့ထိန်းဒုံးကျည်စနစ် ဖြန့်ကြက် ချထားမှုအစီအစဉ်နှင့် ဝါရှင်တန်၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် အမေရိကန်ကို နျူကလီးယား တိုက်ခိုက်မှုအတွက် နောက်ဆုံးအဆင့်အထိ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ယင်းနေ့ အစောပိုင်းတွင် မြောက်ကိုရီးယား စစ်တပ်က ပြောကြားသည်။ ဝါရှင်တန်အနေဖြင့် လာမည့် သီတင်းပတ်များတွင် ဂူအမ်ကျွန်းသို့ အဆင့်မြင့် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း ပင်တဂွန်က ဧပြီ ၃ ရက်တွင် ပြောကြားထားသည်။ ထိုအတောအတွင်း မြောက်ကိုရီးယားကလည်း ၄င်း၏ အရှေ့ဘက် ကမ်းခြေဒေသသို့ ဒုံးကျည်တစ်ခုကို ရွှေ့ပြောင်းထားခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။ (ပရက်စ်တီဗွီ)
khitlunge

No comments:
Post a Comment