Wednesday, April 3, 2013

ကိုးလ်၏ ဒဏ်ရာသည် ဘင်နီတက်ဇ်၏ အမှားကြောင့်ဟု ချယ်လ်ဆီး လက်ထောက် မန်နေဂျာ အပြစ်တင်


ချယ်လ်ဆီး အသင်း လက်ထောက် မန်နေဂျာ ရေးဝီလ်ကင်စ်က အသင်း ခံစစ်မှူး အက်ရှ်လေကိုးလ် ထိခိုက်ဒဏ်ရာ ရသွားခြင်းသည် မန်နေဂျာ ရာဖာဘင်နီတက်ဇ်ကြောင့်ဟု ပြစ်တင် ပြောဆိုလိုက်သည်။
အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံ ကစားသမားသည် မန်ချက်စတာ ယူနိုက်တက်ကို (၁-၀)ဖြင့် အနိုင်ရသည့် FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့သည်။ ဝီလ်ကင်စ်က အဆိုပါ ဖြစ်ရပ်သည် ကိုးလ်အား ဆောက်သမ်တန်နှင့် ပွဲစဉ်တွင် အနားပေးထားခဲ့သည့် ဘင်နီတက်ဇ်၏ ရွေးချယ်မှုကြောင့်ဟု ဝီလ်ကင်စ်က ဝေဖန်ခဲ့သည်။ စပိန်သား မန်နေဂျာသည် မန်ယူနှင့်ပွဲအတွက် လူချန်သည့် အနေဖြင့် ဆောက်သမ်တန်ကို အရေးနိမ့်သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ကိုးလ်ကို အသုံးမပြုခဲ့ချေ။
ဝီလ်ကင်စ်က "ဘောလုံးလောကမှာ ပွဲပန်းတယ်ဆိုတဲ့ စကားကို ကျွန်တော် တော်တော်လေး မုန်းတယ်။ ချယ်လ်ဆီး ကစားသမားတွေဟာ အီစတာ သောကြာ၊ စနေနဲ့ တနင်္လာနေ့တွေမှာ ပွဲဆက် ကစားတာ အသားကျနေပြီ။ ကိုးလ်ဟာ ဆောက်သမ်တန်နဲ့ စနေနေ့ပွဲမှာ မကစားခဲ့ရဘူး။ ပြီးတော့ မန်ယူနဲ့ပွဲမှာ (၁၅)မိနစ်ထဲနဲ့ ဒဏ်ရာရခဲ့တယ်။ ဒန်နီဝဲလ်ဘက်ရဲ့ ပြေးအားကို ယှဉ်လိုက်ရင်း သူ့တံကောက်ကြော ဒုက္ခတွေ့သွားတယ်။ တကယ်တော့ ကိုးလ်ဟာ ပွဲတိုင်းလိုလို ကစားနေရမယ့် သူမျိုးလို့ ကျွန်တော် ရိုးရိုးသားသားပဲ ယူဆပါတယ်။ သူဟာ ယန္တရားတစ်ခုနဲ့ တူပါတယ်။ အမြဲတမ်း အသုံးပြုပြီး ဆီထည့်ပေးထားရတဲ့ စက်တစ်လုံးလို ဖြစ်နေရတာပါ။ တကယ်လို့ စနေနေ့ကသာ သူကစားခဲ့မယ်ဆိုရင် မန်ယူနဲ့ပွဲမှာ သူဒဏ်ရာ မရနိုင်ဘူး"ဟု ပြောကြားခဲ့သည်။
၎င်းက "ဘင်နီတက်ဇ်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာ လူရွေးဖို့အတွက် နည်းနည်းတော့ တွန့်ဆုတ်ခဲ့ပါတယ်။ တကယ်တော့ ချယ်လ်ဆီးလို အသင်းအတွက် ချန်ပီယံလိဂ် ကစားခွင့်ဟာ အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ ကစားသမားတွေဟာ အင်မတန် ကြံ့ခိုင်မှု ကောင်းပါတယ်။ ဆောက်သမ်တန်ဟာ မန်စီးတီးနဲ့ လီဗာပူးလ်ကို အနိုင်ကစားပြီး မန်ယူကို တော်တော်လေး ရုန်းကန်စေခဲ့တဲ့ အသင်းမျိုးပါ။ ကျွန်တော်တို့ အဲဒီလို အခြေအနေမှာ လူသိပ်မလျှိုခဲ့သင့်ဘူး"ဟုလည်း ဝေဖန်သွားသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment