Tuesday, April 23, 2013
အမေရိကန်က အဓိကကျသော စစ်လက်နက်များ အစ္စရေးသို့ ရောင်းချပေးရန် သဘောတူ
အစ္စရေးနိုင်ငံသို့ ခေတ်မီဒုံးကျည်လက်နက်များနှင့် ဂျက်တိုက်လေယာဉ်များ တပ်ဆင်ပေးမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ် ချတ်ဟေဂယ်က ဂျေရုဆလင်မြို့သို့ အလည်အပတ်ခရီး ရောက်ရှိစဉ်အတွင်း ပြောကြားကြောင်း ယနေ့ သတင်းများတွင် ဖော်ပြသည်။ ယင်းသည် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆော်ဒီအာရေဗျနှင့် အစ္စရေးသုံးနိုင်ငံသို့ တန်ဖိုး အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံရှိသည့် လက်နက်ရောင်းချရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်လည်းဖြစ်သည်။ အစ္စရေးနိုင်ငံသို့ ရောင်းချသည့် ယင်းလက်နက်များသည် ၄င်း၏ အိမ်နီးချင်းနိုင်ငံများအပေါ် စစ်ရေးအရ အသာစီးရမှုအား ထိန်းသိမ်းထားနိုင်ရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မစ္စတာဟေဂယ်က ပြောကြားသည်။ အမေရိကန်က အစ္စရေးသို့ရောင်းချမည့် လက်နက်များထဲတွင် ခေတ်မီ လေကြောင်းကာကွယ်ရေး ဒုံးကျည်များအပြင် ကေစီ-၁၃၅ ဆီဖြည့်လေယာဉ်များလည်း ပါဝင်ကြောင်း သတင်းတွင် ဖော်ပြသည်။ အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်များ အရှိန်မြင့်တက်လာမှုနှင့် ဒေသအတွင်းရှိ အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်နိုင်ငံများ ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ယင်းလက်နက်ရောင်းဝယ်ရေး ဆိုင်ရာ သဘောတူညီချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ အစ္စရေးသို့ ရောင်းချမည့် လက်နက်များတွင် ဗွီ-၂၂ အော်စပရေးအမျိုးအစား လေယာဉ်များလည်း ပါဝင်ပြီး အစ္စရေးအနေဖြင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများထဲတွင် ယင်းအမျိုးအစား လေယာဉ်အား ပထမဆုံးဝယ်ယူခွင့် ရရှိမည့် နိုင်ငံလည်း ဖြစ်လာသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment