Monday, April 1, 2013

ခရမ်းလွန်ရောင်ခြည်ကြောင့် သင်္ကြန်ကာလ နေလောင်ဒဏ်မှ ကာကွယ်သင့်သလို အရက်လျှော့သောက်သင့်

ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး အဆင့် ၁၃ သို့ ကျရောက်နေပြီ ဖြစ်သောကြောင့် သင်္ကြန်ရေကစားမည့်သူများ အနေဖြင့် နေလောင်မှုဒဏ်ကာကွယ်ရန် လိုအပ်နေသလို၊ အရက်သောက်ခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း ကျန်းမာရေးပညာရှင်တို့က ဆိုသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်သည် အမြင့်ဆုံး အဆင့် (၁၃)သို့ ရောက် ရှိနေပြီဖြစ်သောကြောင့်   နေလောင်ရော ဂါနှင့် အရေပြားကင်ဆာရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သင့်သည်ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦး (G.P)က ဆိုသည်။
 “ခရမ်းလွန်ရောင်ခြည်မှာဗီတာမင် D ဓာတ် မြောက်များစွာ ပါဝင်တဲ့အတွက် နေလောင်ရောဂါ၊ အရေပြားရင့် ရောဂါ၊ ခုခံအားကျဆင်းတဲ့ ရောဂါ၊ အရေပြား ကင်ဆာရောဂါ ဖြစ်လာနိုင်တယ် ဟုဒေါက်တာမြင့်ဦး (G.P)က ပြော သည်။
ခရမ်းလွန်ရောင်ခြည်မြင့်တက်လျက်ရှိခြင်းကြောင့် သင်္ကြန်အတွင်း လူငယ်များလည်ပတ်ရာ၌ ရေဓာတ်ခန်း ခြောက်ခြင်း ၊ အရေပြားနေလောင်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ထို့အပြင်သင်္ကြန်အတွင်း လည်ပတ်မည့်သူများသည် နေရောင်ခြည်ကာကွယ်နိုင်သည့် ဦးထုပ်၊ အ၀တ်အစားနှင့်   နေကာမျက်မှန်များအသုံးပြုသင့်ကြောင်း ထိုကဲ့သို့ ၀တ်ဆင်ခြင်းသည် ဖက်ရှင်အတွက်သာမက ကျန်းမာရေး အတွက်ပါ ပိုမိုကောင်းမွန်ကြောင်း ဒေါက်တာအောင်ရဲခိုင်က အကြံပြုပြောဆိုသည်။
သင်္ကြန်တွင်းလျှောက်လည်မယ့် မိန်းကလေးတွေဆိုရင် မနက်ပိုင်းမှာ နေရောင်ခြည်ထိတွေ့မှုကို အမြင့်ဆုံး ကာကွယ်ပေးနိုင် တဲ့ SPF-50++ ရှိတဲ့ အသားအရေထိန်းသိမ်းတဲ့ sun cover lotion တွေကိုလိမ်းပေးရပါမယ်။ ညပိုင်းပြန်ရောက်ရင်လဲ အသားအရေကို treatment ပေးဖို့လိုပါတယ် ဟု အသားအရေထိန်းသိမ်းခြင်းကို သင်ကြားပေးနေသည့် မခြူးလဲ့ဝင်းက ပြောသည်။
နေအပူရှိန်လည်း မြင့်မားလျက်ရှိခြင်းကြောင့် သင်္ကြန်အတွင်း၌ အရက်သောက်သုံးခြင်းမှ ရှောင်ရှား သင့်ကြောင်းနှင့် လုံးဝမရှောင်နိုင်ပါက လျော့ချသင့်ကြောင်း အရေပြားအထူးကုဆရာဝန်တစ်ဦးက အကြံပြုပြောဆိုသည်။
 “အရက်ကိုလုံးဝ မသောက်သင့်ပါဘူး။ သောက်ရင်လည်း လျှော့သောက်သင့်ပါတယ် အယ်လ်ကိုဟောက ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်မှု ပိုဖြစ်စေလို့ပါ။ ရေဓာတ်ကိုပြန်လည်ဖြည့်ပေးနိုင်တဲ့ သစ်သီးဖျော်ရည်နဲ့ ဓာတ်ဆားရည် စတာတွေကို သောက်ပေးသင့်တယ် ဟု အရေပြား ဆရာဝန်ဒေါက်တာညွန့်ညွန့်က ပြော သည်။
ရေဓါတ်ခန်းခြောက်မှုဖြစ်ပါက အသားအရေများ အရောင်ပြောင်းလဲခြင်း၊ မူးဝေခြင်း၊ အလွန်အမင်းရေဆာခြင်း၊ မျက်တွင်းများကျလာခြင်း၊ သွေးခုန်နှုန်းမြန်လာခြင်းတို့ ဖြစ်ပေါ်ပြီး အလွန်အမင်းရေ ဓါတ်ခန်းခြောက် ပါက သွေးပေါင်ကျကာ သတိလစ်မေ့မျောသည်အထိ ဖြစ်ပေါ်တတ်ကြောင်း ၄င်းက ဆက်ပြောသည်။
မနှစ်သင်္ကြန်တွင်းတုန်းက တစ်နေကုန် သောက်ပြီးတော့ ညဆိုရင် အသားအရေတွေ စပ်ဖြင်းဖြင်းဖြစ်တယ်ဗျ။ ဒါတောင် ကျွန်တော်တို့က မဏ္ဍပ်ပဲ ထိုင်တာလျှောက်လည်တဲ့ သူတွေဆိုရင်တော့ ပိုဆိုးလောက်တယ်လေ။ ဒီနှစ်ဆိုရင် ပိုပူတယ် ၊ဒါကြောင့် မဏ္ဍပ်လက်မှတ်ဝယ်ရင် UV protection အမိုးပါတဲ့ နေရာကိုတော့ ရွေးဝယ်ထားတယ် ဟု သင်္ကြန်အတွင်း မဏ္ဍပ်ထိုင်မည့် ကိုဇော်မျိုးဝင်းက ပြောသည်။
ယမန်နှစ်က ခရမ်းလွန်ရောင်ခြည်သည် အမြင့်ဆုံး အဆင့် ၉အထိသာ ရှိခဲ့ပြီး ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင် ခရမ်းလွန်ရောင်ခြည်သည် အဆင့် (၁၁)ရှိခဲ့ကာ မတ်လကုန်မှစ၍ အဆင့် (၁၃)အထိ မြင့်တက်လာကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရန်နောင်ဖြိုး (မြစ်မခ) 

No comments:

Post a Comment