Friday, May 24, 2013

ပါလက်စတိုင်းကို၉ဂိုးပြတ်နိုင်ပွဲ ရီရီဦးတစ်ဦးတည်း၅ဂိုးသွင်းယူ


၂၀၁၄အာရှအမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စု(D)ဒုတိယမြောက်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းသည် ယနေ့ ဒေသစံတော်ချိန် ညနေ(၅)နာရီက အိမ်ရှင်ပါလက်စတိုင်းအသင်းနှင့် Faisal Al Huseni Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၉) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ပါလက်စတိုင်းကို (၉)ဂိုးပြတ် သွင်းယူခဲ့သူများ မှာ ရီရီဦး(၂၄၊၇၄၊၊၈၀၊၈၅၊၈၈) မာဂရက်မေရီ(၆၇) ခင်မိုးဝေ(၂၁၊၂၆) မြင့်မြင့်အေး(၇၆)ဖြစ်သည်။ မြန်မာအသင်းသည် ယနေ့ပွဲစဉ်တွင် အိန္ဒိယနှင့်ပွဲတွင် အနားပေးထားသည့် ကွင်းလယ်လူ ခင်မာလာထွန်းကို အသင်းခေါင်းဆောင်အဖြစ် ပွဲအစမှ အဆုံးထိ ထည့်သွင်းအသုံးပြုခဲ့သလို စန်းစန်းမော်၊ သန်းသန်းထွေး မေခင်ယမင်း(ဂိုး)တို့ကိုလည်း အရန်ခုံတွင်သာ အနားပေးထားစေခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်းသည် ကစားကွက်အသာဖြင့် ကစားနိုင်ခဲ့သော်လည်း အိမ်ရှင်ပါလက်စတိုင်းအသင်း၏ ခံစစ်ကြောင်း ကို လွယ်လွယ်ကူကူ ထိုးဖောက်နိုင်ခြင်းမရှိသဖြင့် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်း၏ နီလာမြင့်နှင့် နော်အားလိုဝါးဖော တို့၏ ဘယ်ညာတောင်ပံများမှ အနိမ့်ဘော ပေးပို့ချက်များကို ခင်မိုးဝေ၊ရီရီဦးတို့ အသုံးချနိုင်ခဲ့ခြင်းဖြစ်သည်။ ပါလက်စတိုင်းအသင်း မှာ ခန္ဒာကိုယ်ကြံ့ခိုင်တောင့်တင်းမှုရှိသော်လည်း တစ်ဦးချင်း ခြေစွမ်းအရ မြန်မာကစားသမားများကို ယှဉ်မကစားနိုင်ခဲ့ပေ။ ဒုတိယပိုင်း စတင်ရာတွင် တိုက်စစ်မှူး ခင်မိုးဝေ ကိုအနားပေးပြီး မာဂရက်မေရီအား ၀င်ရောက်ကစားစေသကဲ့သို့ ပွဲချိန် ၇၁ မိနစ် တွင်လည်း ကစားအားကျနေသည့် သန္တာမိုးအစား သန်းသန်းထွေးကို ထည့်သွင်းကစားစေခဲ့သည်။ မြန်မာအသင်းကွင်းလယ်တွင် သန်းသန်းထွေးနှင့် ခင်မာလာထွန်းတို့ ချိတ်ဆက်မိသွားပြီး ဘယ်တောင်ပံမှ မြင့်မြင့်အေး၊ ညာတောင်ပံမှ နီလာမြင့်တို့နှင့် တွဲဖက် ကာ ဖန်တီးမှုများ အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာတိုက်စစ်မှူး ရီရီဦး တစ်ဦးတည်း (၄)ဂိုးတိတိ သွင်းယူနိုင် ခဲ့ပြီး အာရှခြေစစ်ပွဲ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် သွင်းဂိုး(၅)ဂိုးဖြင့် ရပ်တည်နိုင်သကဲ့သို့ နောက်ခံလူ မြင့်မြင့်အေး၊မာဂရက်မေရီ တို့လည်း ကိုယ်စီ ဂိုးရရှိခဲ့ကြသည်။ ပါလက်စတိုင်းအသင်းမှာ အချိန်ပို(၃)မိနစ်ကုန်ဆုံးသည်အထိ မြန်မာဘက်သို့ တစ်ကြိမ်မျှ ဂိုးကန်သွင်းခွင့်မရခဲ့ခြင်းကြောင့် ယနေ့မှစတင်ကာ ပွဲထွက်ကစားခဲ့သည့် ဂိုးသမား မြဖူးငုံ လည်း လက်စွမ်းပြခွင့် မရနိုင်ခဲ့ပေ။ ယနေ့ပွဲအနိုင်ကြောင့် မြန်မာအသင်းသည် ရမှတ်(၆)မှတ် ရရှိထားပြီး မေလ(၂၅)ရက်နေ့ အုပ်စုနောက်ဆုံးပွဲစဉ်တွင် တရုတ်(တိုင်ပေ)အသင်းအား အနိုင်ရရှိသည်နှင့် ၂၀၁၄ အာရှချန်ပီယံရှစ် ဖိုင်နယ်ပွဲစဉ်များသို့ တက်ရောက်မည်ဖြစ်ပြီး ၂၀၁၅ ကမ္ဘာ့ဖလား ပစ်မှတ်နှင့်လည်း လက်တကမ်းအကွာသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ 
သတင်း-Myanmar Football Federation။ဓါတ်ပုံ-အိုကိုချာ

No comments:

Post a Comment