Sunday, May 5, 2013

ချယ်လ်ဆီး၏ ကျဆင်းနေမှုကို ပြောင်းပြန်လှန်ပြခဲ့သည့် ဘင်နီတက်ဇ်အား ဖာဂူဆန်ချီးကျူး


ချယ်လ်ဆီး အသင်း၏ အကျပိုင်း ရောက်နေသော ပုံစံကို ပြောင်းပြန်လှန်ပြခဲ့သည့် ရာဖာဘင်နီတက်ဇ်၏ စွမ်းဆောင်ရည်ကို မိမိ ချီးကျူးကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားခဲ့သည်။
မန်ယူသည် တနင်္ဂနွေနေ့ညတွင် အိုးလ်ထရက်ဖို့ဒ်၌ ချယ်လ်ဆီးကို ဧည့်ခံ ကစားမည် ဖြစ်သည်။ ယင်းပွဲစဉ်သည် ဧပြီလ အကောင်းဆုံး မန်နေဂျာဆုရှင် ဘင်နီတက်ဇ်နှင့် ဧပြီလ အကောင်းဆုံး ကစားသမားဆုရှင် ရော်ဘင်ဗန်ပါစီတို့ ရင်ဆိုင်ရမည့် အခြေအနေလည်း ဖြစ်လာသည်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စောစီးစွာ သိမ်းယူထားသည့် ဖာဂူဆန်က ခက်ခဲသော ဖိအားများအောက်တွင် ချယ်လ်ဆီးကို ကောင်းမွန်စွာ ဦးဆောင်နိုင်ခဲ့သည့် စပိန်သားကို အသိအမှတ် ပြုကြောင်း ဆိုသည်။ ဘင်နီတက်ဇ်သည် ရာသီဝက်တွင် ကြားဝင်ကာ ချယ်လ်ဆီးကို ကိုင်တွယ်ခဲ့ရခြင်း ဖြစ်ပြီး ပရိသတ်ကလည်း ၎င်းကို ထောက်ခံမှု မရှိဘဲ လှောင်ပြောင် ရှုတ်ချခဲ့ကြသည်။
သို့သော်လည်း ချယ်လ်ဆီးသည် ယခုအခါ ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်ရှိနေသလို ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း ဆက်လက် အားထုတ်နေဆဲ ဖြစ်သည်။ ချယ်လ်ဆီးသည် ဧပြီလတွင် ကစားသော ပရီးမီးယားလိဂ် ပွဲစဉ် (၄)ပွဲ၌ (၃)ပွဲ အနိုင်ရခဲ့သည်။ ဖာဂူဆန်က "ဘင်နီတက်ဇ်ဟာ သူ့ရဲ့ CVမှတ်တမ်းနဲ့ ပတ်သက်ရင် သိပ်ကို ပူပင်တတ်တဲ့သူပါ။ ပြောရရင် အဲဒီအကြောင်းကို သူခဏခဏ ပြောလွန်းတယ်။ ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အကောင်းဆုံးတွေ လုပ်ပြခဲ့တယ် ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ နောက်တစ်ချက်က ပရိသတ်တွေ နည်းနည်း အထိုင်ကျလာတာလည်း ဖြစ်နိုင်တယ်။ သူတို့က ဘင်နီတက်ဇ်ကို တစ်ယောက်တည်း ပစ်ထားကြတာပါ။ ပရိသတ်တွေရဲ့ ဖိအားပေးမှုတွေကို တစ်ချိန်လုံး ကြားနေရတာကြီးက မန်နေဂျာ တစ်ယောက်အတွက် မလွယ်လှဘူးလေ"ဟု မှတ်ချက်ပြုခဲ့သည်။
"ခုတော့ သူတို့လည်း နည်းနည်း စိတ်ပြေသွားလောက်ပြီ။ ဘင်နီတက်ဇ်လည်း လုပ်ရကိုင်ရတာ ပိုပြီး သက်တောင့်သက်သာ ဖြစ်လာသလို ရလဒ်ပိုင်းကလည်း ကောင်းလာတယ် ထင်ပါတယ်။ ရောဘတ်တို ဒီမက်တီယိုကို ချယ်လ်ဆီး ထုတ်ပယ်လိုက်တာဟာ သူတို့အတွက် ယိမ်းယိုင်မှု ဖြစ်သွားစေပါလိမ့်မယ်။ အဲဒီကနေမှ တော်တော်လေး အချိန်ယူပြီး ခုတော့ သူတို့ ပြန်လာနိုင်စ ပြုနေပါပြီ။ ချယ်လ်ဆီးရဲ့ ခြေစွမ်းက တည်ငြိမ်လာသလို ဘောလုံးရာသီ တစ်လျှောက်လုံး သူတို့ရဲ့ အကောင်းဆုံး ဖြတ်သန်းမှု အစိတ်အပိုင်းလို ဖြစ်လာတယ်လို့ ကျွန်တော် ထင်ပါတယ်"ဟုလည်း ဖာဂူဆန်က သုံးသပ်သွားခဲ့သည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment