Thursday, May 16, 2013

လစာထောက်ပံ့မည့် နိုင်ငံတော်အစီအမံ ဘကကျောင်းများ လက်မခံ

ဘကကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) များမှ ဘွဲ့ရ ဆရာ/မ များကိုသာ နိုင်ငံတော်အစိုးရမှ လစာငွေ ထောက်ပံ့ပေးမည့် အစီအစဉ်အား ဘကကျောင်း အများစုမှ လက်မခံနိုင်ဟု သိရသည်။
 
ဘကကျောင်းများ၌ ဘွဲရ ဆရာမရှိသလောက်ရှား၍ အခက်တွေ့နေခြင်းလည်းဖြစ်သည်။
နိုင်ငံတော်အစိုးမှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ ဘကကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဘွဲ့ရ ဆရာ/မ များအား လစာငွေထောက်ပံ့ပေးမည်ဟု သိရသည်။
 
“ဘကကျောင်း အများစုမှာစုမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေမှာ ဘွဲ့ရဆိုတာ ရှားပါးတယ်။ ဘွဲ့ရတဲ့လူဆိုရင်လည်း ဘက ကျောင်းမှာ လာမသင်ချင်ကြပါဘူး။ အများစုက ဆယ်တန်းအောင်ပြီး လာသင်ပေးနေကြတဲ့သူတွေပါပဲ။ ဘုန်းကြီးတို့ ဘကကျောင်း အနေနဲ့တော့ သူတို့ မထောက်ပံ့လည်း နေပါစေ ကိုယ့်ဘာသာရှာပြီး ဆရာမတွေကို လစာပေးသွားမှာပါ”ဟု သန္တိသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော် ဦးပညာသာမိက မိန့်သည်။
 
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ/မ များ၏ လစာငွေများကို ပေးအပ်ရာတွင်ဘုန်းတော်ကြီးများ၏ အစီအစဉ်များဖြင့်သာ ပေးအပ်ရခြင်းဖြစ်ပြီး နေရာဒေသအပေါ်မူတည်၍ ဆရာ/မ များ၏လစာငွေ ငွေကျပ် နှစ်သောင်း ဝန်းကျင်မှ လေးသောင်းဝန်းကျင်အထိ ရရှိကြောင်း သိရသည်။
 
“ဘုန်းကြီးရဲ့ ဒကာ/မ တွေ တစ်လတစ်ထောင် ထည့်ဝင်တာတွေရှိတယ်။ အဲဒီ့ငွေတွေရယ် ဘုန်းကြီး ကိုလှူတဲ့ ငွေတွေထဲက ဆရာမတွေအတွက် လစာငွေပေးတာပါ။ ဆရာမတစ်ဦးကို တစ်လ သုံးသောင်းနှုန်းပေးပါတယ်”ဟု ဆရာတော် ဦးပညာသာမိက မိန့်သည်။
 
နိုင်ငံတော် အစိုးရမှပေးသော လစာထောက်ပံ့ငွေကို ယူမည်ဆိုပါက ဘကကျောင်းများမှနေ၍ ဘွဲ့လတ်မှတ်မိတ္တူ၊နှင့် လိုအပ်သော ထောက်ခံချက်များယူဆောင်ကာ သက်ဆိုင်ရာပညာရေးမှူးရုံးများသို့ လာရောက်လျှောက်ထားနိုင်သည်ဟု သိရသည်။
 
“ဘွဲ့ရတွေပဲ ပေးမယ်ဆိုတော့ ခွဲခြားရာကြပါတယ်။ ဘကကျောင်းအများစုမှာက ဘွဲ့ရဆိုတာ မရှိသလောက်ရှားပါတယ်။ တကယ်ဖြစ်သင့်တာက ဘွဲ့ရကို လေးသောင်းလောက်ပေးရင် ဘွဲ့မရတဲ့ ဆရာတွေကို နှစ်သောင်းလောက်တော့ ပေးသင့်ပါတယ်”ဟု ဘကကျောင်းဆရာမတစ်ဦးဖြစ်သည့် မနှင်းမာထွေးကပြောသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၇၀)ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၁၄၀၂)ကျောင်း ရှိကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ကျော်ဇင်မန်း(မြစ်မခ) 

No comments:

Post a Comment