Sunday, May 12, 2013

GPS စနစ် တပ်ဆင်မောင်းနှင်သည့် ကားများရှိလာ

ပြည်ပမှ ၀င်ရောက်လျက်ရှိသည့်  TV Screen ပါရှိသည့်ကားများ၌ တရုတ်နိုင်ငံနည်းပညာဖြင့် မြန်မာပြည် လမ်းပြမြေပုံ GPS စနစ် ထည့်သွင်း အသုံးပြုမှုများလာကြောင်း ကားဈေးကွက်အတွင်းက သိရသည်။
 
"ဂျပန်က ၀င်တဲ့ ကားတွေက ဂျပန်နိုင်ငံ မြေပုံပါလာတယ်။ အဲကားတွေကို တရုတ်နိုင်ငံ ထုတ်လုပ်တဲ့ GPS က မြန်မာပြည်မြေပုံပါတော့ အဆင်ပြေတယ်။ တပ်ဆင်မှုတွေလည်း ရှိလာတယ်"ဟု Auto Star Car Audio မှ ကိုလတ်က ပြောသည်။
 
အဆိုပါ GPS စနစ်တပ်ဆင်ထားခြင်းဖြင့် သွားလာမှုအတွက် အထောက်အကူဖြစ်ကြောင်း၊ ကား ပျောက်ဆုံးနေ မှုကို ရှာဖွေနိုင်ခြင်းနှင့် အခြားအားသာချက်များလည်း ရှိလာနိုင်ကြောင်း၊ ထို Polar Star Car Navigation  GPS စနစ်ကို Technomation ကထုတ်လုပ်ခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
 
လက်ရှိတွင် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီးများ၏ မြေပုံအသေးစိတ်ပါရှိပြီး ကျန် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ အဓိက(လမ်းအူကြောင်း)လမ်းမကြီးများသာပါရှိသည်ဟု သိရသည်။
 
"ဒီစနစ်က အရမ်းကောင်းပါတယ်။ သူများနိုင်ငံတွေမှာလည်း ဒီစနစ်ကို အသုံးပြုနေကြတာလေ။ လမ်းသွယ် တွေက အစ ပါတော့ ဒေသတစ်ခုနဲ့ တစ်ခုကို ကူးမယ်ဆိုရင် ဘယ်လမ်းဘယ်နေရာမှာရှိတယ်ဆိုတာ သိတော့ သွားလာမှုအတွက် အများကြီးအထောက်အကူဖြစ်နိုင်ပါတယ်"ဟု အလုံမြို့နယ်မှ ဦဝင်းမောင်က ပြောသည်။
 
ထိုစနစ်ကို ပြည်တွင်း၌ လွယ်ကူစွာ အသုံးပြုနိုင်ရန် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြထားပြီး TV  Screen ပါရှိသော ကားများတွင် ပစ္စည်းနှင့် တပ်ဆင်ခအပါဝင် ကျပ်၂သိန်း ၂သောင်းကျပ် ကုန်ကျနိုင်ပြီး TV Screen မပါရှိသော ကားများတွင်လည်း TV Screen ၀ယ်ယူတပ်ဆင်နိုင်ကြောင်း သိရှိရသည်။
 
 
GPS စနစ်ပါရှိသော TV Screen ဈေးနှုန်းများမှာ (၄.၃)လက်မ အရွယ်အစား (TV Screen)မှာ ကျပ် (၇)သောင်း နှင့် (၇)လက်မ အရွယ်အစား (TV Screen)မှာ ကျပ် (၁)သိန်း (၆)သောင်း ဈေးရှိကြောင်း သိရ သည်။
 
ရန်ကုန်၌ GPS စနစ်တပ်ဆင်ထားသည့် ကားအစီးရေ(၁၀)ဂဏန်း အထက်ရှိကြောင်းကိုလည်း သိရသည်။
ရန်နောင်ဖြိုး (မြစ်မခ)

No comments:

Post a Comment