Thursday, June 13, 2013

ပြည်တွင်းနိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်မှုမပြုရန် ကမ္ဘောဒီးယား အစိုးရအဖွဲ့ ဝေဖန်


မိမိတို့၏ ပြည်တွင်းနိုင်ငံရေး ကိစ္စရပ်များတွင် ပြည်ပနိုင်ငံများက ၀င်ရောက် စွက်ဖက်လျက်ရှိကြောင်း ကမ္ဘောဒီးယားအစိုးရက ဇွန် ၁၀ ရက်တွင် ပြောကြားလိုက်သည်။ လာမည့်လတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ရွေးကောက်ပွဲ မကျင်းပမီ အတိုက်အခံ ပါလီမန်အမတ်အချို့ကို ရာထူးမှ ဖယ်ရှားခြင်းနှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်မိသည်ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားခဲ့ပြီးနောက် ကမ္ဘောဒီးယား အစိုးရအဖွဲ့က တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။ ကမ္ဘောဒီးယား အတိုက်အခံပါတီ နှစ်ပါတီမှ ပါလီမန်အမတ် ၂၈ ဦးကို လစာခံစားခွင့် ရပ်ဆိုင်းရန်နှင့် အမတ်အဆင့်အတန်းမှ ပယ်ဖျက်ရန် အာဏာရပါတီ အဖွဲ့ဝင်များ ပါဝင်သော ကော်မတီတစ်ရပ်က ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း မြို့တော် ဖနောင်ပင်ရှိ အမေရိကန် သံရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အတိုက်အခံ အမတ်များသည် လာမည့်ရွေးကောက်ပွဲတွင် ၀န်ကြီးချုပ် ဟွန်ဆန်၏ အုပ်စိုးမှုကို စိန်ခေါ်နိုင်ရေးအတွက် နိုင်ငံရေး အင်အားစုသစ်တစ်ရပ်ကို ဖွဲ့စည်းနိုင်ရန် ၄င်းတို့၏ ပါတီများမှ နုတ်ထွက်ခဲ့ကြခြင်းသည် ပါလီမန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာ ရောက်သည်ဟု အဆိုပါ ကော်မတီက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၌ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သြစတြေးလျ သံအမတ်ကြီး အပါအ၀င် နိုင်ငံခြား သံတမန်အချို့က ဝေဖန်ပြောကြားခဲ့မှုများသည် မိမိတို့ နိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးကိစ္စတွင် ၀င်ရောက်စွက်ဖက်မှု ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟောင်နန်ဟောင်က ပြောကြားသည်။ (စီအင်န်အေ)
khitlunge

No comments:

Post a Comment